ပူတာအို   ၂၅   ဇူလိုင်    


ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အတွင်းရှိ မြို့နယ်များတွင် ဇူလိုင် ၅ ရက်မှ ၁၇ ရက်အတွင်း သဘာဝဘေးများကြောင့် ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့ကာ တစ်ခရိုင်လုံးတွင် ဆုံးရှုံးမှုတန်ဖိုး ငွေကျပ်သိန်း(၄၀ဝ)ကျော် ပျက်စီးခဲ့ကြောင်း ပူတာအိုခရိုင် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန၏ စာရင်းပြုစုချက်များအရ သိရသည်။


ပူတာအိုခရိုင်တွင် ဇူလိုင်လက မိုးအဆက်မပြတ် ရွာသွန်းမှုများကြောင့် ပူတာအိုမြို့နယ်တွင် တန်ဂျာတံတား ချဉ်းကပ်လမ်း ရေတိုက်စားခြင်း၊ ပန်းလှိုင်-ပူတောင်းလမ်းချဉ်းကပ်လမ်း နှစ်ဖက်မြေကျွံကျခြင်း၊ လယ်မယ်ဝါဂျီ-ထူးဆန်းလမ်း ချဉ်းကပ်ခိုပဲ့ကျခြင်း တန်ဖိုးငွေကျပ် သိန်း(၅၀)၊ နောင်မွန်းမြို့နယ်တွင် လုံးခါးကြိုးတံတား မျောပါခြင်းတန်ဖိုးငွေကျပ်(၃၇ ဒသမ ၇)သန်း၊ ရနမ်ချောင်းဘေးရှိ လူနေအိမ်(၂)လုံး ပျက်စီးခြင်း တန်ဖိုးကျပ်(၆)သိန်း၊ ဘဘော့ကျေးရွာတွင် လူနေအိမ်(၂)လုံး ပျက်စီးခြင်းတန်ဖိုးငွေကျပ် (၆)သိန်း၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် ဖုန်ကျန်းကျေးရွာ ကမ်းပါပြိုကျ လူနေအိမ်(၁)လုံး ပျက်စီးခြင်း တန်ဖိုးငွေကျပ်(၁၅)သိန်း၊ ကွန်ကရစ်လှေကား ပေ(၁၈၀×၃) ပျက်စီးခြင်း တန်ဖိုးငွေကျပ် သိန်း(၃၀) နှင့် ခေါင်လန်ဖူးမြို့နယ်တွင်တံတားများ ရေကြီးရာ၌ မျောပါခြင်း၊ တောင်မြေပြိုကျ လမ်းပျက်စီးခြင်းများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။


အဆိုပါ သဘာဝဘေးကြောင့် ပျက်စီးမှုများအား နတလ၊ လမ်းဦးစီးဌာနနှင့် တာဝန်ရှိသောဌာနများက လမ်းပြတ်တောက်မှု မရှိစေရေး ကွင်းဆင်းစစ်ဆေး၍ ပြန်လည်ပြုပြင်လျက်ရှိပြီး စာရင်းများအရ ပူတာအိုခရိုင်အတွင်း ဆုံးရှုံးမှုတန်ဖိုး ငွေကျပ်သိန်း ၄၀ဝ ကျော်ရှိကြောင်း သိရသည်။


ဆန်းညွှန့်(ပူတာအို)

 

1