ရန်ကုန်  ၂၅  ဇူလိုင်


ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၆)ခုတို့ကို မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဥပဒေနှင့်အညီ အတည်ပြုခဲ့ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်းအနေဖြင့် (၄၈၆၈)ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးမှ သိရသည်။


ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အစည်းအဝေး (၁၂/၂၀၁၉) ကို ဇူလိုင် ၂၄ ရက်က ရန်ကင်းမြို့နယ်ရှိ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့သည်။


အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ တိုးမြှင့်လာစေရေးအတွက် ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်းပြောကြားပြီး မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ဥပဒေနှင့်အညီ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဆောင်ရွက်မည့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၆)ခုတို့ကို အတည်ပြုပေးခဲ့ကြောင်း သိရသည်။


အဆိုပါ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၁ ဒသမ ၅၄၅ သန်းဖြစ်ပြီး ပြည်တွင်းအလုပ်အကိုင် အခွင့်အလမ်း (၄၈၆၈)ဦးအတွက် ဖန်တီးပေးနိုင်မည်ဖြစ်သည်။


၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာ ၁ ရက်မှ ၂၀၁၉ ဘဏ္ဍာနှစ် ဇူလိုင် ၂၄ ရက်အထိ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ၁၂၄ ခု၊ မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁၇ ခု၊ စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၁၀ ဒသမ ၃၆၀ သန်း မြန်မာကျပ်ငွေ ၃၃၉၇၈ ဒသမ ၉၆၆ သန်း၊ အလုပ်အကိုင် အခွင့်အလမ်း ၇၂၃၇၅ ဦး ဖန်တီးပေးနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီရုံးမှ သိရသည်။


အစည်းအဝေးပြီးနောက် ဝန်ကြီးချုပ်က သတင်းမီဒီယာများနှင့် တွေ့ဆုံ၍ သတင်းမီဒီယာများ၏ မေးမြန်းချက်များကို ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။


ဆန်းကျော်ဦး (ပြန်/ဆက်) 

 

1