ရိခေါ်ဒါရ် ၂၅ ဇူလိုင်
ချင်းပြည်နယ်၊ ဖလမ်းမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ လူဦးရေစာရင်း ပြုစုခြင်းဆိုင်ရာ ဆင့်ပွားသင်တန်းကို ဇူလိုင် ၂၄ ရက်က ရိခေါ်ဒါရ်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
သင်တန်းတွင် ဖလမ်းမြို့နယ် လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်းအဖွဲ့ အတွင်းရေးမှူး ဦးပေါင်ဒိတ်တုန်း က မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းဆောင်ရွက်မှုများ၊ မဲဆန္ဒရှင်စာရင်း ပြုစုခြင်း၊ လူဦးရေစာရင်း ပြုစုခြင်း၊ မဲရုံနယ်နိမိတ် သတ်မှတ်ခြင်းဆိုင်ရာများ၊ အိမ်ထောင်စုကုဒ် အမှတ်စဉ်နှင့် ကောက်ကွက်ဆောင်ရွက်မှု၊ လူဦးရေစာရင်းနှင့် အချက်အလက် ကောက်ယူခြင်းဆိုင်ရာ လုပ်ငန်းများကို Power Point ဖြင့် အသေးစိတ် ရှင်းလင်းဆွေးနွေး ပို့ချခဲ့သည်။
ထို့နောက် ဖလမ်းမြို့နယ် လူဦးရေစာရင်း ကောက်ယူရေးလုပ်ငန်းအဖွဲ့ တွဲဖက်အတွင်းရေးမှူး ဦးမင်းခန့် (မြို့နယ် ရွေးကောက်ပွဲအရာရှိ)က မြို့နယ် လူဦးရေစာရင်း ကောက်ယူရေးအဖွဲ့၏ လုပ်ငန်းတာဝန်များ၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်၏ ချမှတ်ထားသည့် မူဝါဒများ၊ လုပ်ငန်းလမ်းညွှန်မှုများကို ရှင်းလင်းပို့ချခဲ့သည်။
အဆိုပါ ဆင့်ပွားသင်တန်းတွင် ရိခေါ်ဒါရ်မြို့ ရပ်ကွက်(၂)ခုရှိ မဲရုံများနှင့် အနီးဝန်းကျင် ကျေးရွာများရှိ မဲရုံများမှ ရပ်ကွက်ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အင်အား ၅၀ ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ရိခေါ်ဒါရ်(ပြန်/ဆက်)


