၂၅ ဇူလိုင်
ဖေ့ဘွတ်ခ် သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်များကို မှားယွင်းစွာကိုင်တွယ်မိခြင်းကြောင့် ဖေ့ဘွတ်ခ်ကုမ္ပဏီက ဒေါ်လာငါးဘီလီယံ ဒဏ်ကြေးပေးဆောင်ရန် သဘောတူညီခဲ့ကြောင်း အမေရိကန်ပြည်ထောင်စုကုန်သွယ်ရေး ကော်မရှင်က ကြေညာခဲ့သည်။
အမေရိကန်ပြည်ထောင်စုကုန်သွယ်ရေး ကော်မရှင်က ဖေ့ဘွတ်ခ်သည် သုံးစွဲသူ ၈၇ သန်း၏ ကိုယ်ရေးအချက်အလက် ချိုးဖောက်နေသည်ဟု စွပ်စွဲကာ ကိုယ်ရေးအချက်အလက်သုံးစွဲခြင်းနှင့်ပတ်သက်ပြီး ချမှတ်ခဲ့သော ဒဏ်ကြေးအမျိုးအစားတွင် အများဆုံးဖြစ်သည်ဟု ဆိုသည်။
ဖေ့ဘွတ်ခ်သည်သုံးစွဲသူများ၏ ယုံကြည်မှုကို အယုံအကြည်မဲ့အောင်လုပ်ခဲ့ပြီးသုံးစွဲသူများ၏ပုဂ္ဂိုလ်ရေးဆိုင်ရာ သတင်းအချက်အလက်များကို ထိန်းချုပ်မှု စွမ်းရည်နှင့် ပတ်သက်ပြီး ၎င်းတို့ကို လှည့်စားခဲ့ခြင်းဖြစ်ကြောင်း ကော်မရှင် ဥက္ကဋ္ဌဂျိုးဆိုင်မွန်က သတင်းထောက်များကို ယမန်နေ့ကပြောကြားခဲ့သည်။
သုံးစွဲသူများ၏ အချက်အလက်များကို ကာကွယ်ရန်ဖေ့ဘွတ်ခ် ကုမ္ပဏီ ဒါရိုက်တာအဖွဲ့များဖြင့် ဖွဲ့စည်းထားသော သုံးစွဲသူများ၏ ကိုယ်ရေးအချက်အလက်ဆိုင်ရာ ကော်မတီတစ်ရပ် ဖွဲ့စည်းရန် ဂျိုးဆိုင်မွန်က တောင်းဆိုခဲ့သည်။
ဖေ့ဘွတ်ခ်သည် အချက်အလက် လုံခြုံမှုရှိရေးနှင့်ပတ်သက်ပြီး သုံးစွဲသူများ၏ ယုံကြည်မှု ပြန်လည်ရရှိရန် စိန်ခေါ်မှုနှင့် ရင်ဆိုင်နေရသည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန်- မြင့်မြင့်ချို