သံတောင်ကြီး ၂၅ ဇူလိုင်
ကရင်ပြည်နယ် သံတောင်ကြီးဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် ရည်ရွယ်ပြီး အလုပ်မှုဆောင်အဖွဲ့ ကော်မတီများ၏ လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ဇူလိုင် ၂၄ ရက်က သံတောင်ကြီးမြို့ရှိ နှစ်(၁၀ဝ) ရဲတိုက်အတွင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် သံတောင်ကြီးဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အလုပ်မှုဆောင်ဥက္ကဋ္ဌ ဒေါ်နော်မာမာချိုက ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် သံတောင်ကြီးဒေသသို့ လာရောက်သော ပြည်တွင်းပြည်ပ ခရီးသွားဧည့်သည်များအတွက် ဘေးကင်းလုံခြုံမှုရှိစေရန် သက်ဆိုင်သော အဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်ရန်၊ ဘေးကင်းလုံခြုံမှု မရှိသော နေရာများသို့ နိုင်ငံခြားသားများ သွားရောက်ခြင်း မရှိစေရန်၊ ကြော်ငြာဆိုင်းဘုတ်များ ကပ်ထားရန်၊ B&B လုပ်ငန်းရှင်များအား ရိုးရာယဉ်ကျေးမှုကို ထိန်းသိမ်းသည့် အနေဖြင့် လာရောက်သည့် ဧည့်သည်များအား ရိုးရာအစားအသောက်များဖြင့် တည်ခင်းဧည့်ခံရန်နှင့် ဒေသထွက် ပစ္စည်းများကို ရောင်းချနိုင်အောင် စီမံဆောင်ရွက် ထားရှိရန်၊ ခရီးသွားများကို ဆွဲဆောင်နိုင်သော နေရာသစ်များ ဖော်ထုတ်ပြီး စီမံကိန်းရေးဆွဲ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရန်တို့ကို ဆွေးနွေးပြောကြားခဲ့သည်။
အဆိုပါ ဆွေးနွေးပွဲသို့ သံတောင်မြို့အုပ်ချုပ်ရေးမှူး ဦးကျော်ကိုကိုဝင်း သံတောင်ကြီးဒေသ ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေး အလုပ်မှုဆောင်ကော်မတီများ၊ B&B လုပ်ငန်းဆောင်ရွက်နေသော လုပ်ငန်းရှင်များ၊ ဒေသထွက်ပစ္စည်း ရောင်းချသူများ တက်ရောက်ဆွေးနွေးခဲ့ကြောင်း မြို့နယ်ပြန်/ဆက်မှ သိရသည်။
MDN


