အောင်လံ   ၂၅   ဇူလိုင် 


မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့၌  ၂၀၁၈-၂၀၁၉ ခုနှစ်  သဘာဝဘေးအန္တရာယ်ကြောင့်ပျက်စီးခဲ့သော သီးနှံဧကများအတွက် ထောက်ပံ့ကြေးငွေပေးအပ်ပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန  အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့သည်။

 
အခမ်းအနားတွင် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးအေးကျော်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းသန်းက သဘာဝဘေးအန္တရာယ်ကြောင့် ပျက်စီးခဲ့သော သီးနှံများဧကများအတွက် နိုင်ငံတော်မှ ထောက်ပံ့ပေးအပ်ရခြင်း အခြေအနေများကို ရှင်းလင်းပြောကြားသည်။ ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းလှအောင်က ပျက်စီးခဲ့သောသီးနှံဧကများအတွက် ထောက်ပံ့ပေးအပ်မှုနှုန်းထားများနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားကာ တာဝန်ရှိသူများက ကျေးရွာ(၅)ရွာမှ တောင်သူ(၇၃)ဦး၊ ပျက်စီး(၁၂၄)ဧကအတွက်၊  စုစုပေါင်း ထောက်ပံ့ကြေးငွေ(၆၈၅၀ဝ၀)ကျပ်ကို ပေးအပ်ခဲ့ရာ ကျေးရွာတောင်သူများကိုယ်စား ကျေးရွာအုပ်ချုပ်ရေးမှူးများမှ  လက်ခံရယူပြီး တောင်သူတစ်ဦးမှ ကျေးဇူးတင်စကားပြန်လည်ပြောကြားသည်။ 


အဆိုပါအခမ်းအနားသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်၊ မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဌာနဆိုင်ရာအကြီးအကဲများ၊ စိုက်ပျိုးရေးဦးစီးဌာနမြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စိုက်ခင်းပျက်စီးဆုံးရှုံးသူ တောင်သူများ တက်ရောက်ကြကြောင်း သိရသည်။


သိန်းလွင်(အောင်လံ)