အသက်အရွယ်ရလာချိန်မှာ တဖြည်းဖြည်းချင်း ဆံပင်တွေဖြူလာတာက နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ဖြစ်နိုင်ခြေနဲ့ဆက်စပ်နေပါတယ်။ လေ့လာမှုအသစ်တစ်ရပ်မှာတော့ ဆံပင်ဖြူတာက နှလုံးရောဂါရဲ့ ရှေ့ပြေးလက္ခဏာဖြစ်နိုင်တယ်လို့ သုံးသပ်ထားပါတယ်။
ကိုလက်စထရော၊ အဆီ၊ ကယ်လ်ဆီယမ်နဲ့ အခြားဒြပ်ပစ္စည်းတွေ ပါဝင်ဖွဲ့စည်းထားတဲ့ atherosclerosis လို့ခေါ်တဲ့ အရာက သွေးကြောတွေထဲမှာ စတင်ဖြစ်လာပါတော့တယ်။ ဒီပစ္စည်းက တဖြည်းဖြည်းချင်း စုပုံအနည်ကျလာပြီး သွေးကြောတွေရဲ့ ကျုံ့နိုင်ဆန့်နိုင်စွမ်းကို ကန့်သတ်လာပါတယ်။ ဒီလိုဖြစ်လာတဲ့ အနေအထားက နှလုံးနဲ့ ခန္ဓာကိုယ်ရဲ့ အရေးပါတဲ့ အစိတ်အပိုင်းတွေဆီကို သွေးရောက်ရှိစီးဆင်းနိုင်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။
တကယ်လို့ ဒီအခြေအနေကို မကုသဘဲထားမယ်ဆိုရင် လေဖြတ်တာ၊ ရုတ်တရက်နှလုံးရပ်တာတွေ အပါအဝင် ပြင်းထန်တဲ့ နှလုံးရောဂါဖြစ်နိုင်တဲ့ အလားအာလတွေကို တိုးစေမှာဖြစ်သလို နှလုံးဖောက်ပြီး အသက်သေဆုံးသည်အထိတောင် ဖြစ်နိုင်ပါတယ်။
နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေဖြစ်ရတဲ့ အဓိကအကြောင်းအရင်းကတော့ နှလုံးသွေးကြောတွေထဲမှာ အနယ်အနှစ်တွေစုပုံတာက သွေးကြောတွေရဲ့ သွေးစီးဆင်းထောက်ပံ့မှုကို ထိခိုက်စေနိုင်တာကြောင့် ဖြစ်ပါတယ်။ နှလုံးသွေးလွှတ်ကြောမကြီးက သွေးတွေကို လုံလောက်အောင် မထောက်ပံ့နိုင်တဲ့အခါ နှလုံးနဲ့ပတ်သက်တွေ ဝေဒနာတွေ စတင်ခံစားလာရပါတော့တယ်။
အသက်အရွယ်ကြီးရင့်လာလေလေ နှလုံးရောဂါခံစားရနိုင်ခြေက များလာလေလေပါပဲ။ အသက်အရွယ်ရောက်လာတဲ့အခါ ခန္ဓာကိုယ်တွင်းမှာ oxidative stress တွေတိုးလာပြီး ဆဲလ်တွေကလည်း သက်တမ်းရင့်လာတာကြောင့် DNA တွေက ထိခိုက်ပျက်စီးလာပါတယ်။
သုတေသနအဖွဲ့ဟာ လေ့လာမှုအတွင်း အသက်အရွယ်ကြီးရင့်နေပြီဖြစ်တဲ့ အမျိုးသား ၅၄၅ ဦးကိုလေ့လာခဲ့ ပါတယ်။ လေ့လာမှုမှာပါဝင်သူတွေက နှလုံးရောဂါခံစားနေရတယ်လို့ ယူဆရတဲ့သူတွေဖြစ်ပြီး သူတို့ရဲ့ ဆံပင်ဖြူနေတဲ့ အနေအထားအလိုက် အုပ်စု ၄ စုခွဲခဲ့ပါတယ်။
အဖွဲ့ ၄ ဖွဲ့ထဲမှာအဖွဲ့ ၁ က ဆံပင် လုံးဝမဖြူသူတွေဖြစ်ကြပြီး အဖွဲ့ ၂ ကတော့ ဆံပင် နည်းနည်းပဲဖြူသူတွေပါ။ အဖွဲ့ ၃ ကဆံပင်အမည်းထက် အဖြူပိုများသူတွေဖြစ်ကြပြီး အဖွဲ့ ၄ ကတော့ ဆံပင်လုံးဝဖြူနေသူတွေပါ။ လေ့လာမှုမှာ ပါဝင်သူတွေကို သုတေသီတွေက သေသေချာချာ လေ့လာခဲ့ပါတယ်။
လေ့လာမှုအတွင်း လေ့လာမှုမှာပါဝင်ပေးသူတွေရဲ့ နှလုံးရောဂါဖြစ်နိုင်ခြေ၊ သွေးတိုး၊ ဆီးချိုနဲ့ သွေးတွင်းကို လက်စထရောများနိုင်ခြေ၊ ဆေးလိပ်သောက်သုံးလားဆိုတာနဲ့ နှလုံးရောဂါမျိုးရိုး ရှိလားဆိုတာတွေကို လေ့လာခဲ့ကြပါတယ်။
သုတေသနအဖွဲ့က လေ့လာမှုမှာပါဝင်သုူတွေရဲ့ အသက်အရွယ်၊ ဆံပင်ဖြူနေတဲ့အတိုင်းအတာ၊ သွေးပေါင်ချိန်မြင့်နေလားဆိုတာနဲ့ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေခံစားနေရလားဆိုတာကို လေ့လာခဲ့ပါတယ်။
ဆံပင်ဖြူတွေက နှလုံးရောဂါရဲ့ရှေ့ပြေး လက္ခဏာတွေပါ လေ့လာမှုအရ နှလုံးရောဂါခံစားနိုင်ရခြေ ရှိသူတွေက ပုံမှန်ထက် ဆံပင်ပိုဖြူနေတယ်လို့ တွေ့ရှိခဲ့ရပါတယ်။
လေ့လာမှုကို ပူးတွဲလုပ်ဆောင်သူဖြစ်တဲ့ အီဂျစ်နိုင်ငံ ကိုင်ရိုတက္ကသိုလ်က နှလုံးအထူးကု ဒေါက်တာ အီရီနီ ဆာမျူကတော့ “ ဆံပင်ဖြူတာက အသက်အရွယ်ကြီးလာတာကြောင့်ဖြစ်သလို နှလုံးရောဂါခံစားရနိုင်ခြေ ပုံမှန်ထက်များနေတာကြောင့်ဆိုလည်း ဟုတ်ပါတယ်။ လေ့လာတွေ့ရှိချက်တွေအရကတော့ ဆံပင်ဖြူတွေက အသက်အရွယ်ကြီးရင့်လာတာကို ဖော်ပြနေသလို ခန္ဓာကိုယ်ထဲမှာ နှလုံးရောဂါဖြစ်နိုင်တဲ့ အနေအထားတွေ များနေတာကြောင့် နှလုံးရောဂါခံစားရနိုင်ခြေ များလာနေတယ်လို့ ဖော်ပြနေတာလည်းဖြစ်ပါတယ်၊” လို့ရှင်းပြခဲ့ပါတယ်။
ဒီလေ့လာမှုကို အတည်ပြုနိုင်ဖို့အတွက် နောက်ထပ်လေ့လာမှုတွေ လုပ်ဆောင်ဖို့လိုအပ်မှာလည်းဖြစ်ပါတယ်လို့ ဒေါက်တာ ဆာမျူကပြောပြခဲ့ပါတယ်။
Hello Health Group သည် ဆေးပညာဆိုင်ရာ အကြံပေးချက်များ၊ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများ မပြုလုပ်ပါ။
ရေးသားသူ Aye Thi Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Thurein Hlaing Win
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။”