မန္တလေး ၂၅ ဇူလိုင်
မြန်မာခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ခရီးစဉ်ဒေသသစ်များ တိုးချဲ့ဖွင့်လှစ်ပေးထား သည့် မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင်အတွင်းရှိ မိုးကုတ်ဒေသသို့ လာရောက်လေ့လာ အပန်းဖြေကြသည့် ပြည်တွင်းပြည်ပခရီးသွားများ လစဉ် တိုးတက်များပြားလျက်ရှိကြောင်း မန္တလေး တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောသည်။
ယခင်က မန္တလေးတိုင်းဒေသကြီးသို့ လာရောက်လေ့လာကြသည့် နိုင်ငံတကာခရီးသွားများအား အဆိုပါ မိုးကုတ်ဒေသသို့ သွားရောက်ရန် ကန့်သတ်တားမြစ်ထားသော်လည်း ယခုအခါ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့၏ ခွင့်ပြုချက်ဖြင့် ၂၀၁၈ ခုနှစ် စက်တင်ဘာလ တတိယပတ်မှစ၍ မိုးကုတ်မြို့သို့ မန္တလေး-မတ္တရာ-သပိတ်ကျင်း ကာလမ်းတစ်ခုတည်းကို အသုံးပြုကာ မြို့တွင်းခရီးစဉ်အဖြစ် သွားရောက်လည်ပတ် ခွင့်ပြုခဲ့ပြီး ထပ်မံ၍ ယခုနှစ် ဖေဖော်ဝါရီလမှစ၍ မြို့တွင်းခရီးစဉ်နှင့် ဆက်စပ်နေသော ကျောက်ပြာဿဒ်၊ ပန်လင်၊ ဘားနက်(ဒ်)ကျေးရွာများသို့ ခရီးစဉ်ဒေသသစ်များအဖြစ် တိုးချဲ့ လှည့်ပတ်ခွင့်ပြုခဲ့ကြောင်း သိရသည်။
''မိုးကုတ်ဒေသကို ပတ္တမြားထွက်ရှိရာဒေသအဖြစ် ကမ္ဘာကသိရှိပြီး ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်အောင် မိုးကုတ် နှစ် ၈၀ဝ ပြည့်ပွဲတော်ကိုလည်း ကျင်းပခဲ့သလို မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ခွင့်ပြုချက်နဲ့ မိုးကုတ်မြို့တွင်းကို နိုင်ငံတကာ ခရီးသွားတွေ သွားရောက်လည်ပတ်နိုင်အောင် ဖြေလျော့ ခွင့်ပြုပေးခဲ့တဲ့အပြင် နောက်ထပ်တောင်းဆိုမှုတွေအရ သဘာဝအရင်းအမြစ်တွေနဲ့ တိုင်းရင်းသားရိုးရာ ယဉ်ကျေးမှုဓလေ့တွေတည်ရှိတဲ့ ကျောက်ပြာသာဒ်၊ ပန်လင်နဲ့ ဘားနက်(ဒ်) ကျေးရွာတွေကိုလည်း သွားရောက် လည်ပတ်ခွင့်တွေ တိုးချဲ့ခွင့်ပြုပေးခဲ့ပါတယ်။ ဒါ့အပြင် သဘာဝအတိုင်းလှပနေတဲ့ ရေတံခွန်တွေကို တီထွင်ဖန်တီးမှုတွေနဲ့ ပေါင်းစပ်ပြီး ကင်းချောင်းရေတံခွန် အပန်းဖြေစခန်းကိုလည်း အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ ဒါကြောင့် လက်ရှိမှာတော့ မိုးကုတ်ဒေသကို နိုင်ငံတကာ ခရီးသွားတွေသာမက ပြည်တွင်း ခရီးသွားတွေလည်း လာရောက်မှုတိုးတက်နေပါတယ် ''ဟု ၄င်းက ပြောသည်။
လက်ရှိတွင် အဆိုပါ မိုးကုတ်ဒေသသို့ ခရီးသွားကုမ္ပဏီများ၏ စီစဉ်မှုဖြင့် ၂၀၁၈ ခုနှစ် အောက်တိုဘာ လမှ ၂၀၁၉ ခုနှစ် ဇူလိုင်လ တတိယပတ်အထိ နိုင်ငံတကာ ခရီးသွားဧည့်သည် ၁၃၀ဝ ကျော် ဝင်ရောက်လည်ပတ် လေ့လာမှုများရှိနေပြီး ပြည်တွင်းခရီးသွားဦးရေမှာလည်း ၅၀ဝ၀ ကျော်အထိ ဝင်ရောက်လျက်ရှိနေကြောင်း သိရသည်။
မိုးကုတ်မြို့တွင် ဒေသထွက်ရတနာမျိုးစုံ ပြသရောင်းချရာ မဏိမင်္ဂလာထာပွဲဈေး၊ ကျောက်လက် ညိုးတောင်၊ ကျောက်ပန်းချီလုပ်ငန်းများ၊ လက်ဖက်စိုက်ခင်းများ၊ သဘာဝအလျှောက် လှပနေသည့် ကင်းချောင်းရေတံခွန်၊ ပန်လင်ရွာရှိ လီဆူး၊ ရှမ်း၊ ပလောင် စသည့် လူမျိုးစုများ၏ ရိုးရာ ယဉ်ကျေးမှုဓလေ့များ၊ ဘားနက်(ဒ်) ကျေးရွာတွင် နှစ်ပေါင်း ၁၀ဝ ကျော် သက်တမ်းရှိ ဘားနက်(ဒ်) စစ်သင်္ချိုင်းနှင့် လက်နက်တိုက်ဟောင်းများအပြင် ကျောက်ပြာဿာဒ်ရွာတွင် သဘာဝအတိုင်းတည်ရှိ နေသည့် ကျောက်တောင်ကျောက်စွန်းများပေါ်တွင် တည်ထားသော စေတီများနှင့် သဘာဝအရင်း အမြစ်များကို လေ့လာကြည့်ရှု၍ အပန်းဖြေနိုင်မည်ဖြစ်ကြောင်း သိရသည်။
မင်းထက်အောင်(မန်းကိုယ်ပွား)