ပွင့်ဖြူ ၂၅ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်၌ ယနေ့နံနက်ပိုင်းက ဧရာဝတီမြစ်ရေ ထပ်မံတိုးလာမှုကြောင့် မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း ၄ ကျောင်းနှင့် အလယ်တန်းကျောင်းတစ်ကျောင်း ထပ်မံ၍ ယာယီပိတ်ထားရကြောင်း ပွင့်ဖြူမြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ယနေ့ နံနက်က ဧရာဝတီမြစ်ရေ ထပ်မံတိုးလာမှုကြောင့် ပွင့်ဖြူမြို့နယ် ကျွန်းကလေးကျေးရွာ(အမက) ကျောင်း၊ ကံလှကျေးရွာ(အမက)ကျောင်း၊ ငှက်တော်ကုန်းကျေးရွာ(အမက)ကျောင်း၊ ကျီကုန်းကျေးရွာ(အမက) ကျောင်းနှင့် ဇီးကျွန်းကျေးရွာ(အလက)ကျောင်းတို့တွင် မြစ်ရေများဝင်ရောက်ခဲ့၍ ဆရာ၊ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများ ဘေးကင်းလုံခြုံစေရန်အတွက် ယာယီပိတ်ထားရကြောင်း သိရသည်။
ထို့အပြင် ဇူလိုင် ၂၂ ရက်ကလည်း ဧရာဝတီမြစ်ရေ ဝင်ရောက်မှုကြောင့် မြင်းခြံစုကျေးရွာ (အမက)၊ ထူးကြီးကျေးရွာ (အမက) နှင့် ဘီးဇပ်ခုံကျေးရွာ (အမက) ကျောင်းများကိုလည်း ယာယီပိတ်ထားခဲ့ရကြောင်း သိရ၍ ယခုလက်ရှိတွင် ယာယီပိတ် ထားရသည့် အခြေခံပညာစာသင်ကျောင်း စုစုပေါင်း ၈ ကျောင်း ရှိသွားပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ယာယီ ပိတ်ထားသည့် ကျောင်းများကို မြစ်ရေကျဆင်းမှုအပေါ် မူတည်ပြီး ကျောင်းသားကျောင်းသူများ၏ စာသင်ချိန် သင်ခန်းစာ နောက်မကျစေရေး ကျောင်းပိတ်ရက်များတွင် ပြန်လည်အစားထိုး သင်ကြားပေးသွားရန် စီစဉ်ဆောင်ရွက်ထားရှိကြောင်း တာဝန်ခံ ဒုတိယမြို့နယ်ပညာရေးမှူး ဦးနွေဝင့်ကျော် ထံမှ သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


