မိတ္ထီလာ ၂၅ ဇူလိုင်
မိတ္ထီလာမြို့နယ်၌ မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်နှင့် မိတ္ထီလာတက္ကသိုလ်တို့ ပူးပေါင်းဖွင့်လှစ်သည့် တက္ကသိုလ်အဆင့် အခြေခံကင်းထောက်သင်တန်း အမှတ်စဉ်(၂) ကို ဇူလိုင်လ ၂၅ ရက်နေ့ မွန်းလွဲ ၁ နာရီခန့်က မိတ္ထီလာတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပခဲ့သည်။
မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်နှင့် မိတ္ထီလာတက္ကသိုလ်တို့ ပူးပေါင်းဖွင့်လှစ်သည့် တက္ကသိုလ်အဆင့် အခြေခံ ကင်းထောက်သင်တန်းတွင် ကင်းထောက်လူငယ်မောင်မယ်များက ပြည်သူအတွက် အစဉ်အသင့် ကင်းထောက်သီချင်း သီဆိုဖွင့်လှစ်ခဲ့သည်။
ထို့နောက် မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဘဟန်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး မြန်မာနိုင်ငံအမျိုးသားကင်းထောက်ချုပ် ဒေါက်တာတင်ညိုကိုယ်စား ကင်းထောက်အစီအစဉ်မှူးချုပ် ဦးအေးကြိုင်က ကင်းထောက်ပညာနှင့် ကင်းထောက်အစဉ်အလာကို ရှင်းလင်း ပြောကြားခဲ့သည်။
၎င်းနောက် မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဘဟန်အား မြန်မာနိုင်ငံကင်းထောက် အဖွဲ့ချုပ်က ကင်းထောက်လည်စည်းကို ကင်းထောက်မှူးချုပ်များဖြစ်သည့် ဆရာကြီး ဦးမြင့်ဆွေနှင့် ဦးအေးကြိုင် တို့က ပေးအပ်ခဲ့ရာ မိတ္ထီလာတက္ကသိုလ် ကင်းထောက်လူငယ်မောင်မယ်တို့က မြန်မာနိုင်ငံကင်းထောက်အဖွဲ့ဝင်အဖြစ် အသင်းဝင်ကြေးများကို မိတ္ထီလာတက္ကသိုလ် ကင်းထောက်အဖွဲ့ဥက္ကဌ ဒေါက်တာ အေးအေးမာက မြန်မာနိုင်ငံကင်းထောက်အဖွဲ့ချုပ်မှ ကင်းထောက်မှူးချုပ်များထံ လွှဲပြောင်းပေးအပ်ခဲ့သည်။
ယင်းနောက် အခြေခံ ကင်းထောက်သင်တန်းဖွင့်ပွဲသို့ တက်ရောက်လာသည့် ခရိုင်အုပ်ချုပ်ရေးမှူး ဦးသက်လွင်၊ မိတ္ထီလာတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာဘဟန်၊ ဒုတိယပါမောက္ခချုပ်နှင့် ပါမောက္ခဌာနမှူးများ၊ ဆရာ၊ ဆရာမများ၊ တက္ကသိုလ် ကျောင်းသားကျောင်းသူများ၊ ကင်းထောက်မှူးချုပ်များနှင့် ကင်းထောက်လူငယ်မောင်မယ်တို့က စုပေါင်းမှတ်တမ်း ဓာတ်ပုံရိုက်ကူးခဲ့သည်။
အဆိုပါ တက္ကသိုလ်အဆင့် အခြေခံ ကင်းထောက်သင်တန်း အမှတ်စဉ်(၂)ကို မိတ္ထီလာတက္ကသိုလ်၌ ဇူလိုင်လ ၂၅ ရက်နေ့မှ ၂၈ ရက်နေ့အထိ နံနက် ၇နာရီမှ ညနေ ၄နာရီအထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ရာ ကင်းထောက်မောင်မယ် ၁၇၀ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


