ရန်ကုန်   ၂၅  ဇူလိုင်

မြန်မာနိုင်ငံ၏ အမျိုးသားယဉ်ကျေးမှုအမွေအနှစ်တို့ စုဝေးရာ ပုဂံဒေသကို ယူနက်စကိုမှ ကမ္ဘာ့အမွေအနှစ်ဒေသအဖြစ် ဇူလိုင်လ ပထမပတ်က သတ်မှတ်ခဲ့ရာ မြန်မာနိုင်ငံအတွက် ဂုဏ်ယူဝမ်းမြောက်ဖွယ် သမိုင်းတွင်ကျန်ရစ်စေခဲ့ပြီဖြစ်၍ ထိုအရာအား မေ့မေ့ပျောက်ပျောက်မရှိစေဘဲ ဆက်လက်ထိန်းသိမ်းစောင့်ရှောင်ရာ၌ မြန်မာနိုင်ငံမှ ဧည့်လမ်းညွှန်များတွင်လည်း တာဝန်တစ်ရပ် အနေဖြင့် ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရမည့် ကဏ္ဍများနှင့် ရန်ကုန်မြို့ရှိ ကိုလိုနီလက်ရာ အဆောက်အအုံများထိန်းသိမ်းစောင့်ရှောက်ရမည့်ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီက ရန်ကုန်မြို့၊ ဒဂုံမြို့နယ်၊ ခရေပင်လမ်းရှိ ပဒုမ္မာစားသောက်ဆိုင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။

“ပုဂံဒေသဟာ UNESCO ဝင်သွားပြီးဖြစ်တဲ့အတွက် ဧည့်လမ်းညွှန်များကိုယ်စား ပြောရရင် အတိုင်းမသိ ဂုဏ်ယူတယ်။ ပုဂံကိုကမ္ဘာ့အမွေအနှစ် စာရင်းဝင်ဖို့ ကြိုးစားခဲ့ကြတာ ယခုချိန်မှာ ရရှိတာဟာနိုင်ငံအတွက်ဂုဏ်ယူစရာပါ။ နိုင်ငံခြားခရီးသွားတွေက ပုဂံဒေသ ယူနက်စကို ဝင်သွား ပြီလားလို့မေးရင် ကြိုးစားဆဲပါလို့ ဖြေခဲ့ရတယ်။ အခု ပိုင်ပိုင်နိုင်နိုင်ဖြေလို့ရပါပြီ။ တစ်နှစ်ကို ခရီးသွား (၃)သိန်းကနေ ပွင့်လင်းရာသီကစပြီး ခရီးသွားပိုမိုဝင်ရောက်ဖို့ ဧည့်လမ်းညွှန်များက မျှော်မှန်းထားပါတယ်။ ပုဂံဟာတစ်နိုင်ငံလုံးနဲ့ဆိုင်တဲ့ ယဉ်ကျေးမှုအမွေအနှစ်ဒေသ ဖြစ်တဲ့ အတွက် ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ရမယ့်အပိုင်းတွေကို ကျွန်တော်တို့အားလုံးစုပေါင်းပြီး အတူတကွ ဘယ်လိုလုပ်ဆောင်ကြမယ်ဆိုတဲ့ နည်းလမ်းရှာရာမှာ မြန်မာနိုင်ငံဧည့်လမ်းညွှန်များ အသင်းအနေနဲ့ ပူးပေါင်းပါဝင်တဲ့ဆွေးနွေးတဲ့ပွဲပါ”ဟု မြန်မာနိုင်ငံဧည့်လမ်းညွှန်များအသင်းဥက္ကဋ္ဌ ဦးအောင်ထွန်းလင်းက ယနေ့ဆွေးနွေးပွဲနှင့် ပတ်သက်၍ ပြောသည်။

နံက်ပိုင်းတွင် ပုဂံဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် ကျင်းပခဲ့သော အဇာဘိုင်ဂျန်နိုင်ငံ ဘာကူးမြို့သို့ သွားရောက်ခဲ့သည့် မြန်မာနိုင်ငံ ဧည့်လမ်းညွှန်များအသင်း ကိုယ်စားလှယ် တစ်ဦးဖြစ်သူ ဒေါ်အေးငြိမ်းသူက အတွေ့အကြုံများကို ပြန်လည်မျှဝေခဲ့ပြီး The Role of Tourism in Bagan World Heritage Site ခေါင်းစဉ်ဖြင့် ရေရှည်တည်တံ့ရမည့် ပုဂံဒေသအတွက် ခရီးသွားလုပ်ငန်း၏ အရေးပါမှုအပေါ်တွင် ထိန်းသိမ်းစောင့်ရှောက်ရမည့် အချက်များကိုတာဝန်သိ ဧည့်လမ်းညွှန်များ သိရှိစေရန် ရှေးဟောင်းသုတေသနဦးစီးဌာန နိုင်ငံတကာဆက်ဆံရေးမှူး ဒေါ်ဥမ္မာမျိုးကဆွေးနွေး ပြောကြားသည်။

မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ပေါ်ရှိ ကိုလိုနီလက်ရာ အဆောက်အဦးများသမိုင်းကြောင်း၊ ရန်ကုန်မြို့ သမိုင်းကြောင်းနှင့် ကိုလိုနီအဆောက်အအုံများ ထိန်းသိမ်းစောင့်ရှောက်မှု အတတ်ပညာ စသည့်အကြောင်းအရာတို့ကို  Heritage Tourism in Yangon ခေါင်းစဉ်ဖြင့် ရန်ကုန်မြို့ပြ အမွေအနှစ်ထိန်းသိမ်းရေးအဖွဲ့မှProgram Officer ဦးသူရိန်အောင်က ဆွေးနွေးသည်။

မြန်မာပြည်တစ်ဝှမ်းရှိ ရှေးဟောင်းအမွေအနှစ်များကို ပြုပြင်ထိန်းသိမ်းရာတွင် နိုင်ငံတော်နှင့် အတူ ပုဂလိကအဖွဲ့အစည်းများ၊ ဒေသခံပြည်သူတို့ ပူးပေါင်းပါဝင်မှသာ ရည်ရှည်တွင်အောင်မြင်မှု ရရှိမည်ဖြစ်ပြီး ထိုအမွေအနှစ်များ၏တန်ဖိုးကို သိရှိတန်ဖိုးထားစေရန် အသိပညာပေး ဖော်ဆောင်ခြင်းဖြင့် ထိရောက်မှုကိုရရှိစေမည်ဖြစ်သည်။

ခရီးသွားလုပ်ငန်းသည်ဧည့်လမ်းညွှန်နှင့် ကုမ္ပဏီတစ်ခုတည်းအကျိုးရှိခြင်းမဟုတ်ဘဲ ဒေသခံ ပြည်သူများနှင့် နိုင်ငံအတွက် အကျိုးရှိစေသောကြောင့် မြို့ပြအ‌ေမွအနှစ်ဒေသများနှင့် ကမ္ဘာ့အမွေအနှစ်စာရင်းဝင်ဒေသတို့ကို ရည်ရှည်တည်တံ့စေရန် အားလုံးဝိုင်းဝန်းလက်တွဲ ဆောင်ရွက်ရန် လိုအပ်ကြောင်းသိရသည်။

မြန်မာနိုင်ငံတွင် လိုင်စင်နံပတ်အရ ဧည့်လမ်းညွှန်တစ်သောင်းကျော်နှင့် ရန်ကုန်မြို့ အခြေစိုက်ဧည့် လမ်းညွှန်(၂)ထောင်ခန့်ရှိရာ ကမ္ဘာ့အမွေအနှစ်စာရင်း ဝင်ခဲ့ပြီဖြစ်သော ပုဂံဒေသ၏ ထင်ပေါ်ကျော်ကြားမှုကြောင့် နိုင်ငံခြားခရီးသွားများ ယခုနှစ်တွင်ပိုမို ဝင်ရောက်လာတော့မည်ဖြစ်၍ ကြိုတင်ပြင်ဆင်မှုဖြစ်သော ဧည့်လမ်းညွှန်များကို ဝမ်းစာဖြည့်သည့်အနေဖြင့် ပုဂံဒေသကို ဆက်လက်ထိန်းသိမ်းစောင့်ရှောက်ရမည့် အပိုင်းနှင့် ရန်ကုန်မြို့ရှိ ကိုလိုနီလက်ရာ အဆောက်အအုံများ ထိန်းသိမ်းစောင့်ရှောက်ရမည့် အတတ်ပညာတို့ကို ယနေ့အခမ်းအနားတွင် ဆွေးနွေးခဲ့ကြောင်း သိရသည်။

သန်းထိုက်
ဓာတ်ပုံ - သန်းစိုး