ဟိုပုံး ၂၆ ဇူလိုင်
ဒေသခံတောင်သူများ ဘိန်းစိုက်ပျိုးမှု လျော့နည်းလာစေရန်၊ ဝင်ငွေတိုးတက်၍ လူနေမှုဘဝ မြင့်မားလာစေရန်၊ သိပ္ပံနည်းကျစိုက်ပျိုးနည်းစနစ်များကို သိရှိလိုက်နာကျင့်သုံးလာစေရန်၊ ဒေသဝမ်းစာဖူလုံမှုပိုလျှံရေးကို အထောက်အကူပြုရန်၊ သီးနှံတစ်ဧကအထွက်နှုန်းတိုးတက်၍ ဝင်ငွေပိုမိုရရှိလာစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်း ပိုမိုရရှိလာစေရန်ရည်ရွယ်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီက အစားထိုးသီးနှံမျိုးစေ့ ပေးအပ်ပွဲအခမ်းအနားကို အဆိုပါရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ဟိုပုံးမြို့နယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူက “ဟိုပုံးမြို့နယ်၏ မြောက်ဘက်တွင် နေကြာပင်တော်တော်များများ စိုက်ပျိုးလျက်ရှိပြီး စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် မျိုးစေ့များပေးအပ်လျက်ရှိသောကြောင့် အလွန်ဝမ်းမြောက်ပါကြောင်းနှင့် ပြောင်း၊ နေကြာ၊ စပါးစတဲ့ နှစ်ချင်းစားသီးနှံများစိုက်ပျိုးလျက်ရှိတဲ့ ဒေသခံတောင်သူများအတွက် လိုအပ်တဲ့ နည်းပညာ၊ အတတ်ပညာအသိပညာများကို များများဖြန့်ဝေပေးစေလိုကြောင်းနှင့် ယခုလိုအထွက်နှုန်းကောင်းသည့် အစားထိုးသီးနှံမျိုးစေ့များ အခမဲ့ ဖြန့်ဝေပေးသည့် အတွက် တောင်သူများ ကိုယ်စားအထူးကျေးဇူးတင်ရှိကြောင်း” ပြောကြားသည်။
ယင်းနောက် ရှမ်းပြည်နယ်၊ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ဦးကြိုင်မှ စိုက်ပျိုးရေးဦးစီးဌာနမှ ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းဆောင်တာများအား ရှင်းလင်းပြောကြားပြီးနောက် ဟိုပုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးခင်မောင်သိန်းက အစားထိုးသီးနှံမျိုးစေ့ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။
၎င်းနောက် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးခွန်မောင်ဖြူ၊ စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးတင်ဦးကြိုင်၊ ဒုတိယပြည်နယ်ဦးစီးမှူး ဦးကျော်မြင့်ဇော်၊ ဟိုပုံးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်နှင့် ဟိုပုံးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးခင်မောင်သိန်းတို့က ဆီနေကြာ၊ ရွှေရင်အေးစပါးမျိုးစေ့၊ သစ်စေးမြေသြဇာအတွက် ပိုက်ဆံလျှော်၊ နေကြာမျိုးစေ့ထုတ် (နေကြာအဖိုလိုင်း/အမလိုင်း)၊ ကုန်းမြင့်ကော်ဖီမျိုးဖြစ်သည့် Catuaiကော်ဖီမျိုးစေ့၊ သခွါးမွှေး၊ ရုံးပတီနှင့် ဖူးစားပြောင်းမျိုးစေ့များကို ဒေသခံတောင်သူများ လက်ဝယ်သို့ ပေးအပ်ခဲ့သည်။
အစားထိုးသီးနှံ မျိုးစေ့ပေးအပ်ပွဲတွင် လွယ်အွန့်၊ ပေါင်လင်း၊ တိလုံ၊ ကျောက်တန်း၊ ဘော်ကုန်း၊ လုံခုတ်၊ ကုန်းကျိုင်း၊ စငေါနှင့် စံဖူးစသည့် ကျေးရွာအုပ်စုများမှ တောင်သူများနှင့် မြို့မအုပ်စုမှ တောင်သူများစုစုပေါင်း (၆၅) ဦးတို့ စိုက်ပျိုးလျက်ရှိသည့် ဧက(၇၀)ကျော်အတွက် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဟိုပုံးမြို့နယ်အတွင်းရှိ တောင်သူများအတွက် ငွေကျပ်(၁၉ သိန်း ၅ သောင်း) ကျပ် ကျော်ခန့် တန်ဖိုးရှိမျိုးစေ့များအခမဲ့ ပေးအပ်ခဲ့ကြောင်း သိရသည်။
ထက်ထက်(ဟိုပုံး)


