၂၆ ဇူလိုင်
ဗြိတိန် နှင့် အီရန် နိုင်ငံတို့အကြား တင်းမာမှုမြင့်မားလာသည့် ဟော်မုဒ်ရေလက်ကြားမှတစ်ဆင့် ဖြတ်သန်းသွားလာနေသော ဗြိတိသျှ အလံတင် ရေနံတင် သင်္ဘောများကို ရေတပ်က စောင့်ကြပ် လိုက်ပါပို့ဆောင်မည်ဖြစ်ကြောင်း ဗြိတိန် အစိုးရက ဆိုသည်။
ယမန့်နေ့က ထိုကြေညာချက်ကို အစိုးရက ထုတ်ပြန်ကြေညာခဲ့သည်။
ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုစနစ်နှင့် ကမ္ဘာ့စီးပွားရေးတို့အတွက် အရေးပါသော ရေကြောင်းသွားလာမှု လွတ်လပ်ခွင့် ကာကွယ်နိုင်မှု အားလုံးကို အစိုးရက လုပ်ဆောင်သွားမည် ဟု ထိုကြေညာချက်တွင် ဖော်ပြထားသည်။
ဗြိတိသျှအလံတင် ရေနံတင်သင်္ဘောများ ဟော်မုဒ်ရေလက်ကြားကို ဖြတ်သန်းသွားလာရန် အစီအစဉ်ရှိပါက အကြောင်းကြားပါရန် ပို့ဆောင်ရေးဦးစီးဌာန က မေတ္တာရပ်ခံခဲ့သည်။
ပြီးခဲ့သည့် သီတင်းပတ်က ဗြိတိန်အလံတင်သင်္ဘောကို အီရန် တော်လှန်ရေး ကမ်းခြေစောင့်တပ်ဖွဲ့က ဖမ်းဆီးခဲ့သည်။ အဆိုပါ သင်္ဘောသည် အပြည်ပြည်ဆိုင်ရာ ရေကြောင်း စည်းမျဉ်းများချိုးဖောက်သည်ဟု တီဟီရန် က ဆိုသည်။
ဟော်မုဒ်ရေလက်ကြား မှတစ်ဆင့် ဖြတ်သန်းသွားလာသော သင်္ဘောများ လုံခြုံမှုရှိစေရန် ဥရောပဦးဆောင်သည့် ရေကြောင်း သွားလာရေးအဖွဲ့တစ်ခု ဖွဲ့စည်းရန် ဗြိတိန်အစိုးရက ကြိုးစားဆောင်ရွက်နေသည်။
အမေရိကန်နိုင်ငံ နှင့် အီရန်နိုင်ငံတို့အကြား ရေကြောင်းသွားလာရေးအပေါ် သဘောထားတင်းမာမှုလည်း မြင့်မားလာခဲ့သည်။
ထိုရေလက်ကြား ရေကြောင်းသွားလာသည့် သင်္ဘောများ လုံခြုံမှုရှိစေရန် မဟာမိတ်ပူးပေါင်းညွန့်ပေါင်းအဖွဲ့ကို အမေရိကန်သမ္မတ ဒေါ်နယ်ထရန့် အစိုးရက တောင်းဆိုထားသည်။
ကိုးကား - အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို