၂၆ ဇူလိုင်

 

အမေရိကန်နိုင်ငံ သည်  တောင်ကိုရီးယား နိုင်ငံနှင့်အတူ ပူးတွဲစစ်ရေးလေ့ကျင့်မှု ရွှေ့ဆိုင်းရန် (သို့မဟုတ်) ပယ်ဖျက်ခြင်းကို ဖိအားပေးသည့်အနေဖြင့် မြောက်ကိုရီးယား နိုင်ငံသည် ၎င်း၏နောက်ဆုံး ဒုံးကျည် ပစ်လွှတ်ခြင်း ဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။

 

ကိုးရီးယားကျွန်းဆွယ် အရှေ့ပိုင်း ဝွန်ဆန် မြို့အနီးမှ ဂျပန် ပင်လယ်ပြင်ကို ဦးတည်ကာ  ဒုံးကျည် နှစ်စင်းကို မြောက်ကိုရီးယားက ယမန်နေ့မနက်စောပိုင်းက ပစ်ခတ်ခဲ့သည်။ အဆိုပါ ဒုံးကျည်များမှာ တာတိုပစ် ဒုံးကျည်အမျိုးအစားသစ် ဖြစ်သည်ဟု တောင်ကိုရီးယားအစိုးရ က ဆိုသည်။

 

အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်သည် ပြီးခဲ့သည့် ဇွန်လက ပန်မွန်ဂျုံ ကျေးရွာတွင် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန် နှင့် တွေ့ဆုံခဲ့စဉ်က ပူးတွဲစစ်ရေးလေ့ကျင့်မှုကို  ဆိုင်းငံ့ထားမည် ဟု ကတိပြုခဲ့ကြောင်း မြောက်ကိုရီးယားနိုင်ငံ က ဆိုသည်။
သြဂုတ်လတွင် အမေရိကန် နှင့် တောင်ကိုရီးယား နှစ်နိုင်ငံ ပူးတွဲစစ်ရေးလေ့ကျင့်ရန် စီစဉ်ထားခြင်းသည် မြောက်ကိုရီးယားအပေါ် ဖိအားပေးရန် ဗြောင်ကျကျ လုပ်ဆောင်ခြင်းဖြစ်သည်ဟုလည်း မြောက်ကိုရီးယားက ပြစ်တင်ဝေဖန်ခဲ့သည်။

 

လာမည့် စနေနေ့သည် ကိုရီးယားစစ်ပွဲအတွင်း စစ်မက်ဖြစ်ပွားမှုရပ်ဆိုင်းခဲ့ကာ အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုခဲ့သည့် ၆၆ နှစ်မြောက် အထိမ်းအမှတ်နေ့ ဖြစ်သည်။

 

ကင်ဂျုံအန်သည် အားကြီးသော ခေါင်းဆောင်တစ်ဦးအဖြစ် ၎င်း၏ ပြည်သူများကို ပြသရန် မြောက်ကိုရီးယား အောင်ပွဲနေ့ဖြစ်သော ထိုအထိမ်းအမှတ်နေ့ ထက်စောကာ ဒုံးကျည် ပစ်လွှတ်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ဖော်ပြထားသည်။

 

အမေရိကန်နိုင်ငံသို့ ရောက်ရှိနိုင်သည့် တာဝေးပစ် ဒုံးကျည်အစား တာတိုပစ် ဒုံးကျည်များကို ရွေးချယ်ခဲ့ခြင်းအားဖြင့် အမေရိကန်နိုင်ငံဒေါသကို ရှောင်တိမ်းခြင်း ဖြစ်နိုင်ကြောင်း လေ့လာဆန်းစစ်သူများက ဆိုသည်။

 

ကိုးကား- အန်အိတ်ချ်ကေ
ဘာသာပြန် - မြင့်မြင့်ချို