ရန်ကုန်   ၂၆  ဇူလိုင်     
    

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန လူမှုဝန်ထမ်းဦးစီးဌာနလက်အောက်ရှိ နားမကြားသော ကလေးများကျောင်း(ရန်ကုန်)တွင် ပညာသင်ကြားလျက်ရှိသော ကျောင်းသား၊ ကျောင်းသူလေးများအတွက် မြန်မာ-တရုတ်  ချစ်ကြည်ရေးအသင်း (ဗဟို)မှ ကျောင်းဝတ်စုံများ ပေးအပ်လှူဒါန်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ်ရှိ နားမကြားသော ကလေးများကျောင်း(ရန်ကုန်) အဆိုပါကျောင်း ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

 

25


    

အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မော်မော်ဦးမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြန်မာ-တရုတ်  ချစ်ကြည်ရေးအသင်း (ဗဟို)မှ ဒုတိယဥက္ကဋ္ဌ ဦးမြတ်သင်းအောင်က ကျောင်းဝတ်စုံများ လှူဒါန်းရသည့်အကြောင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာ-တရုတ်  ချစ်ကြည်ရေးအသင်း (ဗဟို)မှ တာဝန်ရှိသူများက ကျောင်းသား/သူများအား ကျောင်းဝတ်စုံများအား ပေးအပ်လှူဒါန်းခဲ့ကြောင်းနှင့် နားမကြားသော ကလေးများ ကျောင်း (ရန်ကုန်)မှ ကျောင်းအုပ်ဆရာမကြီးက အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ခဲ့ပြီး ကျေးဇူးတင် စကား ပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသော ဧည့်သည်တော်များက ကျောင်းသား၊ ကျောင်းသူများနှင့် အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ခဲ့ကြသည်။
    

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး လူမှုဝန်ထမ်းဦးစီးဌာနမှ တာဝန်ရှိသူများ၊ တာမွေမြို့နယ် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်အေး၊ မြို့နယ်ပညာရေးမှူး ဦးဝင်းမြင့်၊ မြန်မာ-တရုတ်  ချစ်ကြည်ရေးအသင်း (ဗဟို)မှ တာဝန်ရှိသူများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ နားမကြားသော ကလေးများကျောင်း(ရန်ကုန်)မှ ကျောင်းအုပ် ဆရာမကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ကျောင်းသူများနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
    

နိုင်လင်းအောင်(တာမွေ)