ပွင့်ဖြူ ၂၆ ဇူလိုင်
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် အော်ဂဲနစ်စိုက်ပျိုးရေးနှင့် တောင်သူရေးရာအစုအဖွဲ့နှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနတို့ ပူးပေါင်း၍ မြို့နယ်အတွင်း ဓာတုလွတ်သီးနှံ စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကျင်းပသည့် ဓာတုလွတ်နှမ်းစိုက်ခင်းဖော်ဆောင်ခြင်းနှင့် တောင်သူပညာပေး လက်တွေ့သုတေသနလုပ်ငန်း ဆောင်ရွက်ခြင်း စီမံချက် ရှင်းလင်းဆွေးနွေးပွဲကို ဇူလိုင် ၂၅ ရက်၊ နံနက် ၉ နာရီက ပွင့်ဖြူမြို့၊ သက်တော်ရှည်ရပ်ကွက်ရှိ စိန်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ဆွေးနွေးပွဲတွင် ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ တို့က မြို့နယ်အတွင်း တောင်သူများ သီးနှံစိုက်ပျိုးရာတွင် စားသုံးသူပြည်သူလူထု ဘေးအန္တရာယ်ကင်းဝေးစေရေးအတွက် ဓာတုလွတ်သီးနှံ စိုက်ပျိုးနည်းစနစ်များကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးဆောင်ရွက်ကြစေလိုကြောင်းနှင့် စိုက်ပျိုးရေးနှင့် ပတ်သက်၍ အခက်အခဲများရှိပါက သက်ဆိုင်ရာဌာနများနှင့် အကူအညီရယူ ဆောင်ရွက်ကြစေလိုကြောင်း ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ ပွင့်ဖြူမြို့နယ်အော်ဂဲနစ်စိုက်ပျိုးရေးနှင့် တောင်သူရေးရာအစုအဖွဲ့ (OFADG) အဖွဲ့ ဥက္ကဌ ဦးစိုးနိုင် က ဓာတုလွတ်နှမ်းစိုက်ပျိုးနည်း လက်တွေ့သုတေသန လုပ်ငန်းစီမံချက် ဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက် များနှင့် လက်ရှိအကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည့် လုပ်ငန်းအောင်မြင်မှု အခြေအနေများကို ရှင်းလင်းဆွေးနွေး ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလှိုင်မြင့် က ဓာတုလွတ်သီးနှံစိုက်ပျိုးရေး စီမံကိန်းလုပ်ငန်းစဉ်များနှင့် စိုက်ပျိုးနည်းစနစ်များ ၊ ရှေ့ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များအကြောင်းကို ရှင်းလင်းပြောကြားသည်။
ထို့နောက် (OFADG) အဖွဲ့မှ ဒုတိယဥက္ကဋ္ဌ ဦးမြင့်ဦး က စီမံချက်လုပ်ငန်းများနှင့် စပ်လျဉ်းပြီး လက်ရှိ ဆောင်ရွက်နေမှုအခြေအနေနှင့် ဓာတုလွတ်သီးနှံစိုက်ပျိုးသည့် တောင်သူအစုအဖွဲ့ စည်းရုံးဆောင်ရွက်နိုင်မှုများကို ရှင်းလင်းပြောကြားကာ (OFADG) အဖွဲ့ဝင် တောင်သူ ဦးလှချို က လက်တွေ့ သုတေသန လုပ်ငန်းဆောင်ရွက်ခဲ့မှုများနှင့် ပတ်သက်၍ တွေ့ကြုံရသည့် လုပ်ငန်းအခက်အခဲများနှင့် အောင်မြင်မှုရလဒ်များကို ရှင်းလင်းပြောကြားသည်။
ဆက်လက်၍ သုတေသနပညာရှင် ဦးတင်အောင်ဇော် က ဓာတုလွတ်သီးနှံ စိုက်ပျိုးနည်းဆိုင်ရာ သုတေသနလုပ်ငန်းစဉ်များနှင့် ရှောင်ကြဉ်ရမည့် နည်းလမ်းများအား ရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာသည့် ဒေသခံတောင်သူများက ဓာတုလွတ်သီးနှံ စိုက်ပျိုးရေးဆိုင်ရာလုပ်ငန်းများနှင့် ရှောင်ကြဉ်ရမည့်နည်းလမ်းများကို ဆွေးနွေးမေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့သည်။
အဆိုပါ ဓာတုလွတ် နှမ်းစိုက်ခင်းဖော်ဆောင်ခြင်းနှင့် တောင်သူပညာပေး လက်တွေ့သုတေသနလုပ်ငန်း ဆောင်ရွက်ခြင်းစီမံချက် ရှင်းလင်းဆွေးနွေးပွဲသို့ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးတင့်ဆန်း ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းရွှေ နှင့် ဌာနဆိုင်ရာအကြီးအကဲမျယဒ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးလှိုင်မြင့်နှင့် ဝန်ထမ်းများ ၊ မြို့နယ်အတွင်း ဓာတုလွတ်သီးနှံစိုက်ပျိုးနည်းစနစ် စိတ်ဝင်စားသည့် ကျေးရွာပေါင်း ၂၁ ရွာမှ တောင်သူ ၂၀ဝ ဦးခန့် တက်ရောက် ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)


