ကျောက်ပန်းတောင်း ၂၆ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့မှ ပုဂံရှေးဟောင်းယဉ် ကျေးမှုနယ်မြေသို့ စက်ဘီးဖြင့် လေ့လာ ရေး သွားရောက်ကြမည့် Bicycle Network Myanmar အဖွဲ့သည်၊ ဇူလိုင် ၂၆ ရက်နေ့ နံနက် ၁၀ နာရီ ၁၀ မိနစ်တွင် ကျောက်ပန်း တောင်းမြို့နယ်သို့ ရောက်ရှိကြပြီး နံနက် ၁၀ နာရီ မိနစ် ၅၀ တွင် ပုဂံ-ညောင်ဉီးမြို့သို့ ဆက်လက်ထွက်ခွာသွားကြသည်၊၊
အဆိုပါ စက်ဘီးစီးအဖွဲ့ကို နာယကကြီးများဖြစ်ကြသော ဦးအုံးဝင်းနှင့်ဦးကျော်မင်းဦးတို့ပါဝင်၍ စက်ဘီး စီးကွန်ရက် အဖွဲ့ဉက္ကဌ ဦးဇော်မိုးနှင့်ဘဏ္ဏာရေးမှူး ဦးဇွဲကိုကိုမြင့်တို့ဦးဆောင်စီးနင်းသွားကြမည်ဖြစ်ကြောင်း သိရသည်။
“ဒီခရီးစဉ်ကိုလာ ရောက်ရခြင်းအကြောင်းကတော့ လက်ရှိ ပုဂံဟာ မြန်မာ့အမွေအနှစ်ကနေ ကမ္ဘာ့အမွေအနှစ်အဆင့်တိုးမြှင့်ပြီး ကမ္ဘာကအသိ အမှတ်ပြုတဲ့အတွက် ဒါကို ဂုဏ်ပြုတဲ့အနေနဲ့ လာစီးကြတာပါ။ ရန်ကုန်ကလာတာတော့ လူပေါင်း(၁၅၀)လောက်ရှိမှာပေါ့၊ မီးရထားက ကျွန်တော်တို့အတွက် နှစ်တွဲပဲရလို့ ရထားနဲ့က လူပေါင်း(၉၀)လောက်ပါမယ်၊ ကျန်တာတွေက စက်ဘီးတွေကို ကားနဲ့တင်ပြီး လူပေါင်း(၆၀)လောက်ပေါ့ ကားနဲ့လာပြီး ဒီမှာဆုံကြမယ်။ ပြီးမှ အားလုံးစုံမှ ဒီကနေ ပုဂံကိုထွက်ကြမှာပေါ့။ ပုဂံရောက်ရင်တော့ ကျွန်တော်တို့ အဖွဲ့ လူမှုရေးလုပ်ငန်းအနေနဲ့ စုပေါင်းအမှိုက်ကောက်ကြမယ် ပြီးရင် ဘုရားစုံလှည့်ဖူးကြမယ်၊ ၂၈ ရက်နေ့မှာတော့ ကျွန်တော်တို့ အလာတုန်းကလိုပဲ ရထား/ကား ခွဲပြီး ပြန်ကြမှာပါ” ဟု စက်ဘီးစီးကွန်ရက်အဖွဲ့ နာယတစ်ဦးဖြစ်သူ ဦးအုံးထွန်းကပြောပြပါသည်။ စက်ဘီးစီးအဖွဲ့တွင် မီးရထားဖြင့်လာရောက်သူ(၉၀)ဦး၊ ကားဖြင့်လာရောက် သူ(၆၀)ဦးနှင့် ရမည်းသင်းမှလာရောက်သူ(၁၅)ဦး၊ ကျောက်ပန်းတောင်းဒေသခံ(၁၀)ဦး၊ စုစုပေါင်း(၁၇၅)ဦးဖြင့် ကျောက်ပန်းတောင်းမြို့မှ နံနက် ၁၀ နာရီ မိနစ် ၅၀ တွင် စတင်ထွက်ခွာသွားကြကြောင်း သိရသည်။
အဆိုပါ စက်ဘီးစီးအဖွဲ့အား ကျောက်ပန်းတောင်းမြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနမှတာဝန်ရှိသူများ၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့တို့မှလိုအပ်သည်များကူညီဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)


