ထားဝယ် ၂၆ ဇူလိုင်
တက္ကသိုလ်အကျိုးပြု၊ ဒေသအကျိုးပြု၊ လုပ်ငန်းဆောင်ရွက်ရာတွင် သတင်းအချက်အလက်နည်းပညာများဖြင့် ကူညီပေးနိုင်ရန်ရည်ရွယ်၍ ကွန်ပျူတာတက္ကသိုလ်(ထားဝယ်) ကျောင်းသား/ကျောင်းသူများ၏ တတိယအကြိမ် သတင်းအချက်အလက်နည်းပညာ ထုတ်ကုန်ပြပွဲနှင့်ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီ က တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ ကွန်ပျူတာတက္ကသိုလ်(ထားဝယ်)၌ ကျင်းပသည်။
ရှေးဦးစွာ တိုင်းဒေသကြီး လွှတ်တော်ဉက္ကဋ္ဌ ဦးခင်မောင်အေး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လူမှုရေးနှင့် စည်ပင်သာယာရေးဝန်ကြီး ဦးဟိုပင်၊ ကွန်ပျူတာတက္ကသိုလ်(ထားဝယ်) ဒုတိယပါမောက္ခချုပ် ဒေါက်တာ ခင်အေးသန့်တို့က သတင်းအချက်အလက် နည်းပညာထုတ်ကုန်ပြပွဲနှင့် ဆွေးနွေးပွဲအား ဖဲကြိုးဖြတ်ဖွင့်လှစ် ပေးသည်။
ထို့နောက် ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးလွှတ်တော်ဉက္ကဋ္ဌ ဦးခင်မောင်အေး က အမှာစကားပြောကြားရာ၌ တနင်္သာရီတိုင်းဒေသကြီးအတွင်းမှာ ယခုလိုသတင်းအချက်အလက် နည်းပညာဖွံ့ဖြိုးတိုးတက်ရေးနှင့် ပတ်သက်သော ဘာသာရပ်များကို သင်ကြားပို့ချပေးနေသည့် တက္ကသိုလ်တစ်ခုအနေဖြင့် ခေတ်နှင့်အညီဖွံ့ဖြိုးတိုးတက်နေသော နည်းပညာရပ်များကို စာတွေ့သာမက လက်တွေ့ပါ ကျွမ်းကျင်ရေးအတွက် ဦးစားပေးဆောင်ရွက်ရှိသည်ကို ယခုလိုပြပွဲများ ပြုလုပ်ပြီးကျောင်းသား/သူများ၏ တီထွင်ဖန်တီးမှုစွမ်းရည်ကို ပြသနိုင်ခြင်းအားဖြင့် သိရှိနိုင်ကြောင်း၊ ယခုလိုအောင်မြင်အောင်ကြိုးစားပေးပါသော ကွန်ပျူတာတကသိုလ်(ထားဝယ်) ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများအားလုံးကို မှတ်တမ်းတင်ပါကြောင်း၊ ဒီထက်ပိုမိုသောစွမ်းအားများနှင့် မိမိဒေသကောင်းကျိုး၊ နိုင်ငံ့ကောင်းကျိုးအသုံးချနိုင်သော သတင်းအချက်အလက်နှင့် နည်းပညာထုတ်ကုန်များ ပိုမိုဖန်တီးလာနိုင်ကြပါစေရန် ဆန္ဒပြုပါကြောင်း ပြောကြားသည်။
ဆက်လက်၍ ကွန်ပျူတာတက္ကသိုလ်(ထားဝယ်) ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်အေးသန့်က ကြိုဆိုနှုတ်ခွန်းဆက်စကားနှင့် ကျေးဇူးတင်စကားပြောကြားပြီး တိုင်းဒေသကြီးလွှတ်တော်ဉက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းမှတာဝန်ရှိသူများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသူများက ကွန်ပျူတာတက္ကသိုလ်(ထားဝယ်) ကျောင်းသား/ကျောင်းသူများ၏ တီထွင်ဖန်တီးထားသော Hardware Application နှင့် Software Application များအား ကြည့်ရှုအားပေးသည်။
ဒေသအတွင်းရှိ လူငယ်များသည်ကွန်ပျူတာတက္ကသိုလ်မှ သင်ကြားပေးလျက်ရှိသော ဘာသာရပ်များ၏ အနှစ်သာရများအားသိရှိပြီး သတင်းအချက်အလက်နည်းပညာများကို သင်ယူလိုစိတ်ပိုမိုမြင့်မားလာစေရန်၊ တီထွင်ဖန်တီးလို စိတ်ရှိသောကျောင်းသား/ကျောင်းသူ၏ စွမ်းဆောင်ရည်များဖော်ထုတ်၍ ပြည်သူများကိုပြသခြင်းဖြင့် ဒေသအကျိုးပြုလုပ်ငန်းများတွင် IT Application များ၏အကူအညီဖြင့်ပွင့်လင်းထိရောက်မြန်ဆန်စွာ ဆောင်ရွက်နိုင်ကြောင်း ထိရောက်စွာ အသုံးချနိုင်ရန်၊ တက္ကသိုလ်အကျိုးပြု၊ ဒေသအကျိုးပြု Software များ ၊ Hardware Application များ ဖန်တီးပြီး ပိုမိုအသုံးဝင် အကျိုးရှိသော Products များထုတ်လုပ်နိုင်စေရန် ၊ ကျောင်းသား/ကျောင်းသူများ ပြင်ပလက်တွေ့လုပ်ငန်းခွင်သို့ ဝင်ရောက် လုပ်ကိုင်ရန်အတွက်အဆင်သင့်ဖြစ်စေရန် ၊ကျောင်းသား/ကျောင်းသူများ၏ အနာဂတ်အတွက် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်များပြားလာစေရန် ၊ ခေတ်နှင့်အညီပြောင်းလဲ တိုးတက်နေသော သတင်းအချက်အလက် နည်းပညာများအား တက္ကသိုလ်များပြင်ပ လုပ်ငန်းခွင်ကုမ္ပဏီများတွင် တာဝန်ထမ်းဆောင်လျက်ရှိသော သက်ဆိုင်ရာနယ်ပယ်တွင် ကျွမ်းကျင် ပညာရှင်များအားဖိတ်ခေါ်၍ သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ ဗဟုသုတများဆွေးနွေးနိုင်ရန် စသည့် ရည်ရွယ်ချက်များဖြင့် ပြုလုပ်ရခြင်းဖြစ်ကြောင်း သိရှိရသည်။
ကွန်ပျူတာတက္ကသိုလ်(ထားဝယ်) ကျောင်းသား/ကျောင်းသူများ၏ တီထွင်ဖန်တီးထားသော နည်းပညာထုတ်ကုန် (Hardware Application နှင့် Software Application )များကို ဇူလိုင် ၂၇ ရက်နေ့အထိ ပြသပေးမည်ဖြစ်ကြောင်းနှင့် မည်သူမဆို လာရောက်လေ့လာနိုင်ကြောင်း သတင်းရရှိသည်။
(ထားဝယ်ခရိုင်ပြန်/ဆက်)


