ရန်ကုန် ၂၆ ဇူလိုင်
မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ဗဟို)၏ ဦးဆောင်မှုဖြင့် ရန်ကုန်တိုင်းဒေသကြီး သတင်းစာဆရာ အသင်းကကြီးမှူးဖွင့်လှစ်သော သတင်းစာပညာသင်တန်း ၂ /၂၀၁၉ (ကျင့်ဝတ်နှင့်ဥပဒေ)ကို ယနေ့ နံနက် ၉ နာရီက ရန်ကုန်မြို့ ဗဟန်းမြို့နယ် ရေတာရှည်ရပ်ကွက် ကြီးငါးကြီးဆုတောင်းပြည့်ဘုရားရုံးခန်း (ရွှေတိဂုံ ဘုရားမြောက်ဘက်မုခ်အနီး၊ အာဇာနည်ဗိမာန်နှင့် သူရဲကောင်းဗိမာန်လမ်း)တွင် ဖွင့်လှစ်သင်ကြားလျက်ရှိ ကြောင်း သိရသည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ဗဟို) အထွေထွေအတွင်းရေးမှူး ဦးသာဇော်က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားပြီး ရန်ကုန်တိုင်းဒေသကြီး သတင်းစာဆရာအသင်း နာယက ဒါရိုက်တာမောင်ယဉ်ကျော်က အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ဗဟန်းမြို့နယ် သတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဦးစိုးသန်းထွန်းနှင့် ရန်ကုန်တိုင်းဒေသကြီးသတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဦးခင်မောင်မြင့်တို့ က ကျေးဇူးတင်စကားပြောကြားခဲ့သည်။
သတင်းသမားများအတွက် ဥပဒေပညာရပ်ဆိုင်ရာများ သင်ကြားပို့ချမှုနှင့်ပတ်သက်၍ ရန်ကုန်တိုင်းဒေသ ကြီး သတင်းစာဆရာအသင်း ဥက္ကဋ္ဌ ဦးခင်မောင်မြင့်က “သတင်းသမားတွေ လက်ရှိရင်ဆိုင်နေရတဲ့ နိုင်ငံ တော်ရဲ့ တည်ဆဲဥပဒေနဲ့ပတ်သက်ပြီးတော့ သတင်းသမားနဲ့ ဆက်စပ်ယှက်နွယ်နေတဲ့ ဥပဒေတွေကို သိဖို့၊ အဲဒီဥပဒေတွေကို သိထားလို့ရှိရင် အရေးယူလို့ရတဲ့ ဥပဒေတွေရှိသလို၊ အရေးယူလို့မရတဲ့အကြောင်းပြ ချက်တွေနဲ့ ဥပဒေတွေလည်းရှိတယ်။ အဲဒါကို သိတဲ့လူလည်း သိမယ်၊ မသိတဲ့လူလည်း ရှိမှာပေါ့နော်။ အဲဒါ တွေကို ရှင်းလင်းသွားအောင် အခုလိုသင်ကြားပို့ချပေးခြင်း ဖြစ်ပါတယ်” ဟု ပြောကြားသည်။
ယနေ့ဖွင့်လှစ်သော သတင်းစာပညာသင်တန်းသို့ ရန်ကုန်တိုင်းဒေသကြီးသတင်းစာဆရာအသင်းဝင်ပေါင်း ၁၁၇ ဦး တက်ရောက်သင်ကြားလျက်ရှိပြီး သတင်းသမားဆိုင်ရာ ဥပဒေများ၊ အခြေခံဓာတ်ပုံပညာ၊ သတင်း သမားများ ဆောင်ရန်၊ ရှောင်ရန်အချက်များ၊ သတင်းသမားအတွေ့အကြုံနှင့် မီဒီယာကျင့်ဝတ်၊ သတင်းသ မားသိမှတ်ဖွယ်ရာများနှင့် သတင်းလောကအမှတ်တရများကို ဝါရင့်သတင်းစာပညာရှင်များ၊ ဓာတ်ပုံပညာ ရှင်များနှင့် ဥပဒေဘာသာရပ်ဆိုင်ရာပညာရှင်များက လာရောက်ပို့ချမည်ဖြစ်ကြောင်း သိရသည်။ သင်တန်း ကို ဇူလိုင်လ ၂၆ ရက်နေ့နှင့် ၂၇ ရက်နေ့များတွင် နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီကို ပို့ချသွားမည် ဖြစ်ကြောင်း သိရသည်။
ရန်ကုန်တိုင်းဒေသကြီး သတင်းစာဆရာအသင်းအနေဖြင့် ပထမအကြိမ်သင်တန်းကို ဇွန်လ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့များတွင် သိမ်ဖြူလမ်း၊ သတင်းနှင့်စာနယ်ဇင်းအစည်းအဝေးခန်းမတွင် ဖွင့်လှစ်ခဲ့ပြီး သင်တန်း သား ၃၄ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
လက်ရှိအခြေအနေတွင် သတင်းသမားစစ်စစ်များ နည်းပါးနေပြီး သတင်းကိုခုတုံးလုပ်ကာ အကျိုးအမြတ်ရှာ ဖွေနေသူများ များပြားနေသည့်အတွက် အမှန်တကယ် သတင်းလုပ်ငန်းလုပ်ကိုင်သူများကိုသာ ရွေးချယ် မွေးထုတ်ပေးမည် ဟူသော မျှော်မှန်းချက်ဖြင့် သတင်းရှာဖွေစုဆောင်းရေးသားခြင်းသင်တန်းကို ယခုနှစ် အတွင်း ဖွင့်လှစ်ပို့ချသွားနိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။
ထင်ပေါ်ဝင်း(ကမာရွတ်)၊ ဓာတ်ပုံ - ထိန်လင်း


