ရွှေဘို ၂၆ ဇူလိုင်

စစ်ကိုင်းတိုင်းဒေသကြီး  ရွှေဘိုခရိုင် ရွှေဘိုမြို့နယ် လိပ်ချင်းကျေးရွာတွင်  စီးပွားရေး ဝင်ငွေတိုးတက်ရေး စီမံကိန်း (AIIP) ရှေ့ပြေးအဆင့်မြင့် လယ်ယာမြေ   ၅၇၅ ဧက  ဖော်ထုတ်ခြင်းအား ၂၀၁၉ ခုနှစ် ဇန်နဝါရီလမှ စတင်၍ အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ၂၀၁၉ ခုနှစ် ဇွန်လကုန်တွင် ပြီးစီးခဲ့ပြီဖြစ်ကြောင်း သိရသည်။

အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်ခြင်းဧရိယာရှိ လယ်ယာမြေများအား  ဇူလိုင်  ၁၀ ရက်မှစတင်၍ မိုးစပါး ပျိုးထောင်ရေများ ပေးနေပြီဖြစ်ကြောင်း ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းထိုက်က ပြောကြားသည်။

အဆင့်မြင့်လယ်ယာမြေ ဖော်ထုတ်ခြင်းလုပ်ငန်းကို  ရွှေဘိုခရိုင်အတွင်း  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနနှင့် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) တို့ပူးပေါင်းပြီး သဖန်းဆိပ ဆည်ရေသောက်ဧရိယာအတွင်း တောင်သူများ၏ စိုက်ပျိုးရေးဝင်ငွေ ပိုမိုတိုးတက်လာနိုင်စေရန် အတွက်  ၂ဝ၁၈-၂ဝ၁၉  ခုနှစ်မှ   ၂ဝ၂၁-၂ဝ၂၂ ခုနှစ်အတွင်း အဆင့်မြှင့် လယ်ယာမြေဧက ၅ဝဝဝ ကို ဖော်ဆောင်ရန် လျာထားကြောင်း သိရသည်။

ဆောင်ရွက်မည့် အဆင့်မြှင့်လယ်ယာမြေဧက (၅ဝဝဝ) အနက် ကျန်ရှိသော ဧက (၄၄၂၅) ကို  ဆက်လက် ဆောင်ရွက်နိုင်ရေးအတွက် လုပ်ငန်းဧရိယာ ရွေးချယ်သတ်မှတ်ရေးအဖွဲ့မှ သက်ဆိုင်ရာမြို့နယ်များအလိုက်၊ နှစ်အလိုက် ရွေးချယ်လျာထားမှုများ ဆောင်ရွက်ထားရှိပြီးဖြစ်ကြောင်း သိရသည်။

နှစ်အလိုက် အဆင့်မြင့်လယ်ယာမြေ ဖော်ဆောင်မည့်အစီအစဉ်အရ  ၂၀၁၈ - ၂၀၁၉ ခုနှစ်တွင် ရွှေဘိုမြို့နယ် အတွင်း  ၅၇၅  ဧက ဖော်ထုတ်ခဲ့ပြီး  ကျန်ရှိဧကများမှာ ၂၀၁၉ - ၂၀၂၀ ခုနှစ်တွင် ဝက်လက်မြို့နယ်၊  ဒီပဲယင်းမြို့နယ်၊ ရွှေဘိုမြို့နယ် များအတွင်း ၉၀၄ . ၈၂ ဧက ၂၀၂၀ - ၂၀၂၁  ခုနှစ်တွင်  ခင်ဦးမြို့နယ်၊  ရေဦးမြို့နယ်၊ တန့်ဆည်မြို့နယ်၊ ရွှေဘိုမြို့နယ်များအတွင်း ၁၇၁၆ .၄၄ ဧက နှင့်  ၂၀၂၁ - ၂၀၂၂ ခုနှစ်တွင် ရွှေဘိုမြို့နယ်အတွင်း ၁၈၁၆ . ၇၃ ဧက ဖြစ်ပြီး စုစုပေါင်း  ဧရိယာဧက ၅၀၁၂ . ၉၉ ဧက ဖြစ်ကြောင်း သိရသည်။

အဆင့်မြင့်လယ်ယာမြေ အကောင်အထည်ဖော် ဆောင်ရွက်ခြင်းနှင့် ပတ်သက်၍   ရွှေဘိုမြို့နယ် လိပ်ချင်းကျေးရွာနေ တောင်သူ  ဦးကျော်အေးက "ယခင်က လယ်တွေက စက်ဝိုင်းပုံ တြိဂံပုံရှိပြီး မြေမညီ ထောင့်မှန်မကျသဖြင့် ရေသွင်းအဆင်မပြေခြင်း၊ ရေသောက်မြောင်း ကွေ့ကောက်ပြီး ရေစီးရေလာ မကောင်းခြင်းတို့ကြောင့် တောင်သူတိုင်း ညီညီညာညာ ရေရရှိရန် ခဲယဉ်းခဲ့ကြောင်း၊ အထက်က လယ်ရေဆိုးထုတ်သည့်အခါ အောက်လယ်တွေ ရေနစ်မြုပ်ခြင်းများနဲ့ ရိတ်သိမ်းသည့်အခါ လမ်းအနီးရှိ လယ်အရင်ရိတ်သိမ်းပြီးမှ အတွင်းကျလယ်များ ရိတ်သိမ်းစက်ဝင်ရသဖြင့် မလိုအပ်ဘဲ လေလွင့်ဆုံးရှုံးမှုများ ဖြစ်ပေါ်ခြင်းကြုံတွေ့ခဲ့ရကြောင်း၊ ယခုအခါ လယ်တိုင်း ရေသောက်မြောင်း ရေဆိုးထုတ်မြောင်း ကုန်ထုတ်လမ်းရှိပြီဖြစ်သဖြင့် အဆင်ပြေသွားပြီဖြစ်ကြောင်း၊ လယ်ယာမြေများလည်း  ညီညာ၍ ထောင့်မှန်ကျသွားပါပြီဖြစ်သဖြင့် မိုးစပါးပျိုးထောင်ရေလဲ ပေးနေပြီဖြစ်ကြောင်း၊ မိုးရွာသွန်းမှုနည်းပါးသဖြင့် သဖန်းဆိပ်ဆည်မှာ ရေဝင်ရောက်မှုနည်းပါး နေသော်လည်း တောင်သူများ ညီညီညာညာရေရရှိဖို့ သက်ဆိုင်ရာကစနစ်တကျ ရေအလှည့်စနစ်ဖြင့် ဆောင်ရွက်ပေးနေသဖြင့် အခုဆို တောင်သူတိုင်း ညီညီညာညာ ရေရရှိကြမည်ဖြစ်ကြောင်း၊ တောင်သူများ လူနေမှုစီးပွားဘဝ ပိုမိုဖွံ့ဖြိုးတိုးတက်လာတော့မှာ ဖြစ်တဲ့အတွက် တောင်သူများကိုယ်စား သက်ဆိုင်ရာတာဝန်ရှိသူများအားလုံးကို အထူးကျေးဇူးတင်ရှိကြောင်း" ဟု ပြောကြားသည်။

မိုးသောက်  (ရွှေဘို)