ကိုလင်း

Good Old Days ရုပ်ရှင်ထုတ်လုပ်ရေးမှ ပွဲဦးထွက် ထုတ်လုပ် ရိုက်ကူးပြီး ဒါရိုက်တာ ထူးပိုင်ဇော်ဦး ဖန်တီးရိုက်ကူးထားသည့် သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားကို သြဂုတ် ၁ ရက်တွင် ရုံတင်ပြသတော့မည်ဖြစ်ကာ ဇာတ်လမ်းအမျိုးအစားမှာ ထိတ်လန့်ခြောက်ခြားဖွယ် လူသတ်အက်ရှင် ဇာတ်လမ်း အမျိုးအစားဖြစ်သည်။ အဆိုပါရုပ်ရှင် Press show ကို ပြီးခဲ့သည့်ရက်ပိုင်းက ပြသခဲ့ရာ ရုပ်ရှင်အကြိုခံစားမှုအနေဖြင့် ဖော်ပြလိုက်ပါသည်။

ဇာတ်လမ်းအစတွင် နွေဦး(ဖွေးဖွေး)နှင့် သူငယ်ချင်း ကေသီတို့ နှစ်ဦး မန္တလေးမှ ရန်ကုန်သို့ အလည်အပတ်ရောက် လာခဲ့ကြပြီး လူမှုကွန်ရက်ပေါ်တွင် ခင်မင်နေသော မြ(ကူးကူး ဇင်အောင်) က သူ့အိမ်တွင်လိုက်၍ တစ်ညတာ တည်းခိုအိပ်စက်ရန် ပြောသောကြောင့် နွေဦးနှင့် ကေသီတို့ မြအိမ်သို့ လိုက်သွားခဲ့ကြသည်။ အိမ်အရောက်တွင် မြကသူ၏ ညဝတ် ဝတ်စုံများကိုပေးပြီး နွေဦးတို့အတွက် ပြင်ဆင်စရာရှိသည်များကို သွားရောက်ပြင်ဆင်ရန်ဟုပြောကာ ခဏတာပျောက်သွားခဲ့သည်။ ထိုအချိန်အတွင်း နွေဦးအနေဖြင့် အိမ်ထဲ၌ ရေခဲသေတ္တာ ရှိသည့်နေရာကို ရှာဖွေရင်း မသင်္ကာဖွယ်ရာများကို တွေ့ရှိလာရသည်။ ထို့အပြင် အိမ်ခန်းတစ်ခန်းထဲတွင် စိတ်ချောက်ချားနေသည့် အမျိုးသမီးတစ်ဦးကိုလည်း နွေဦးတွေ့ ခဲ့ရသည်။

ထိုအချိန်တွင် အိမ်ခန်းထဲသို့ စားစရာများနှင့်အတူ မြပြန်ရောက်လာပြီး အိပ်ပျော်သွားကြသည်။ ညဘက်တွင် ထိုအိမ်သို့ ဦးနေအောင်(လွင်မိုး)နှင့် ဒေါ်ရင်ရင်(ထွန်းအိန္ဒြာဗို)တို့ ရုတ်တရက် ရောက်လာကြသော်လည်း နွေဦးတို့အား ပြန်အိပ်ကြရန်ပြောသောကြောင့် နွေဦးနှင့် ကေသီတို့ ပြန်အိပ်စက်ရသည်။ မနက်လင်းလျှင် ပြန်မည်ဟု စိတ်ကူးထားသော နွေဦးနှင့် ကေသီတို့အား မြက ပြန်လိုက်ပို့ပေးရန် ပြင်ဆင်သည်။ သို့သော် ညက နွေဦးတွေ့ခဲ့သော မြ၏အဒေါ် စိတ်မနှံ့သူကြောင့် မပြန်နိုင်ဘဲ နွေဦးနှင့် ကေသီတို့ မြအိမ်သို့ ပြန်လိုက်ခဲ့ရကာ ဦးနေအောင်နှင့် ဒေါ်ရင်ရင်တို့ကလည်း သူတို့၏သားဖြစ်သူ၏ မွေးနေ့တွင် ပါဝင်ဆင်နွှဲပြီး အိမ်တွင်ညစာ စားပြီးမှပြန်ရန် ပြောဆိုသည်။

ထို့ကြောင့် နွေဦးနှင့် ကေသီတို့မှာ အားနာပြီး မပြန်နိုင်ဘဲ နွေဦး၏သူငယ်ချင်းဖြစ်သူ ချာလီကို လာခေါ်ရန် အကြောင်းကြားခဲ့သည်။ ခေါ်ထားသော်လည်း ချာလီကမအား၍ ရှိန်းတင်ထူးကို လွှတ်လိုက်သည်။ ရှိန်းတင်ထူး ရောက်လာပြီးနောက်တွင် ဦးနေအောင်နှင့် ဒေါ်ရင်ရင်တို့က အိမ်ထဲသို့ခေါ်၍ သားဖြစ်သူ၏ မွေးနေ့တွင် ပါဝင်ရန် ဖိတ်ခေါ်သည်။ ထမင်းစားပွဲတွင် လူမရှိသော နေရာလွတ်၌ လူတစ်ယောက်ရှိသလို ထမင်းကျွေး၊ ထမင်းထည့်ပေး၊ စကားတွေပြောနေကြသော ဦးနေအောင်နှင့် ဒေါ်ရင်ရင်တို့အား နွေဦး၊ ကေသီနှင့် ရှိန်းတင်ထူးတို့မှာ ထိတ်လန့်လာပြီး အရူးဟုစွပ်စွဲပြောဆိုစဉ် ဦးနေအောင်က ရှိန်းတင်ထူးအား ဓားနှင့် အချက်ပေါင်းများစွာ ထိုးပစ်လိုက်ရာ ရှိန်းတင်ထူးမှာ နေရာတွင် ပွဲချင်းပြီး သေဆုံးသွားတော့သည်။

ထို့နောက်တွင် စိတ်မနှံ့သော ဦးနေအောင်၊ ဒေါ်ရင်ရင်နှင့် မြတို့၏ လက်မှ နွေဦးနှင့် ကေသီတို့ လွတ်မြောက်ကြမည်လား၊ သူငယ်ချင်းဖြစ်သူ ချာလီက နွေဦးနှင့် ကေသီတို့အား ကယ်တင်နိုင်မည်လား၊ ညပိုင်းက နွေဦးတွေ့ခဲ့သော မြ၏အဒေါ် စိတ်မနှံ့သူဟုဆိုသည့် အမျိုးသမီးကြီးကလည်း မည်သည့် လျှို့ဝှက်ချက်များ ရှိနေသလဲ စသည်တို့ကို သူစိမ်းအိမ် ရုပ်ရှင် ဇာတ်ကားတွင် ဆက်လက်ကြည့်ရှုနိုင်ကြမည်ဖြစ်သည်။

သူစိမ်းအိမ် ရုပ်ရှင်ဇာတ်ကားတွင် သရုပ်ဆောင် အကယ် ဒမီလွင်မိုး၊ ဂျိုကာ၊ ချာလီ၊ ရှိန်းတင်ထူး၊ အကယ်ဒမီ ထွန်းအိန္ဒြာဗို၊ အကယ်ဒမီ လင်းဇာနည်ဇော်၊ အကယ်ဒမီဖွေးဖွေး၊ မြတ်နိုးအေး၊ ကူးကူးဇင်အောင်၊ မော်ရီလုဆန်း စသည့် အနုပညာရှင်များ ပါဝင်သရုပ်ဆောင်ထားကာ ဒါရိုက်တာအနေဖြင့် ‘ည’ ရုပ်ရှင်ဇာတ်ကားဖြင့် နာမည်ကြီးခဲ့သော လူငယ်ဒါရိုက်တာ ထူးပိုင်ဇော်ဦးက ရိုက်ကူးထားသည်။

မြန်မာ့အလင်း