ဟောင်ကောင် ဇူလိုင် ၂၆

တရုတ်နိုင်ငံ၏ တင့်ကားများ နယ်စပ်သို့ ရောက်ရှိနေပြီဆိုသည့် သတင်းအပါအဝင် ဆန္ဒပြသူတစ်ဦးက ရဲအရာရှိတစ်ဦး၏ လက်ချောင်းတစ်ချောင်းကို ကိုက်ဖြတ်ပစ်လိုက်သည်ဆိုသည့် သတင်းဓာတ်ပုံများသည် ဟောင်ကောင်နိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသည့် အဓိကရုဏ်းကို ပိုမိုကြီးထွားစေရန်နှင့် ပြည်သူလူထုအကြား ထင်မြင်ယူဆချက်များ မှားယွင်းစေရန်ရည်ရွယ်ပြီး သတင်းအမှားများကို ဖြန့်ဝေခြင်း ဖြစ်သည်။

ပြည်သူသန်းပေါင်းများစွာပါဝင်သော ဒီမိုကရေစီအရေး ဆန္ဒထုတ်ဖော်လျက်ရှိသည့် အချိန်ကာလတွင်ယင်းကဲ့သို့ အွန်လိုင်းပေါ်တွင် သတင်းမှားများ ဖြန့်ဝေခြင်း၊ ကောလာဟလများနှင့် လျှို့ဝှက်စွာ ပူးပေါင်းကြံစည်ခြင်းများသည် အစိုးရနှင့် ပြည်သူများအကြား ပဋိပက္ခကို ပိုမိုရှုပ်ထွေးစေသည့်အပြင် အပြန်အလှန် ယုံကြည်မှုကိုပါ ပျက်ပြားစေသည်။

၂၀၁၁ ခုနှစ်တွင် တောင်ကိုရီးယားစစ်သားများ၏ ဗီဒီယိုဖိုင်များကို တရုတ်စစ်သားများ ကျူးကျော် ဝင်ရောက်လာခြင်းဖြစ်သည်ဟု မှားယွင်းဖော်ပြမှုမှ အစပြုပြီး နိုင်ငံအတွင်း ဖြစ်ပွားလျက်ရှိသည့် ဆန္ဒထုတ်ဖော်မှုများတွင် ပါဝင်ဆင်နွှဲကြသည့် ဆန္ဒထုတ်ဖော်သူ အရေအတွက်ကို ချဲ့ကားကာ နိုင်ငံတကာသို့ သတင်းမှားများ ဖြန့်ဝေခဲ့သည်။ ထို့ကြောင့် နိုင်ငံအတွင်း၌ နိုင်ငံရေး အယူအဆကွဲလွဲမှုများ နှင့်ပတ်သက်ပြီး နိုင်ငံတကာတွင် မေးခွန်းများ မြင့်တက်လျက်ရှိသည်

နယ်စပ်ဒေသသို့ တရုတ်တင့်ကားများ ပို့လွှတ်လျက်ရှိသည်ဟု လုပ်ကြံဖန်တီးထားသော ဗီဒီယို ဖိုင်အား အင်တာနက်စာမျက်နှာပေါ်တွင် ဖြန့်ဝေခြင်းကြောင့် လက်ရှိဖြစ်ပွားလျက်ရှိသည့် အဓိကရုဏ်းကို ပိုမိုကြီးထွားစေပြီး သွေးထွက်သံယိုဖြစ်ခြင်းများ ပေါ်ပေါက်လာနိုင်သည်။ အဆိုပါ ဗီဒီယိုဖိုင်အားတွစ်တာ စာမျက်နှာပေါ်တွင် ကြည့်ရှုသူပေါင်း ရှစ်သိန်းကျော်ရှိခဲ့သည်

ထိုကဲ့သို့ သတင်းမှားများနှင့် ပတ်သက်ပြီး ဟောင်ကောင်အာဏာပိုင်များကလည်း အဆက်မပြတ်ဖြေရှင်းလျက်ရှိသည်။

မကြာသေးမီက တရုတ်ကွန်မြူနစ်ပါတီ၏ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်မှ တပ်မတော်သားများအား ဟောင်ကောင်ရှိ အစိုးရအဆောက်အအုံများကို ကာကွယ်စောင့်ရှောက်ရန် စေလွှတ်လိုက်သည်ဆိုသည့် သတင်းမှား တစ်ပုဒ်လည်း ထွက်ပေါ်လာခဲ့သည်။

အထက်တွင်ဖော်ပြခဲ့သည့် သတင်းများသည် မှန်ကန်မှုမရှိပါကြောင်း ဟောင်ကောင်အစိုးရက ယခုရက်သတ္တပတ်အတွင်း၌ တုံ့ပြန်ပြောကြားခဲ့သည်။

မကြာသေးမီက လုံခြုံရေးရဲအရာရှိများက အမျိုးသမီးတစ်ဦး၏မျက်နှာကို သေနတ်ဖြင့် ချိန်ရွယ်နေသည့် လုပ်ကြံဖန်တီးထားသော ဗီဒီယိုဖိုင်အပါအဝင် သတင်းမှားများ ဖြန့်ဝေမှုအပေါ် ရဲအရာရှိများက စောင့်ကြည့်လျက်ရှိသည်။

ယင်းသို့ ရဲတပ်ဖွဲ့၏လုပ်ငန်းစဉ်များနှင့် ပတ်သက်သည့် ကောလာဟလ သတင်းမှားများ ဖြန့်ဝေခြင်းသည် ပြည်သူနှင့်အစိုးရအဖွဲ့အကြား မီးလောင်ရာ လေပင့်သည့်လုပ်ရပ်အသွင် ဖြစ်စေသည်ဟု ဟောင်ကောင်အာဏာပိုင်များက ဆိုသည်။

အေအက်ဖ်ပီ