၂၇ ဇူလိုင်
နည်းပညာက တစ်နေ့ထက်တစ်နေ့ ပိုတိုးတက်လာနေချိန်မှာ လူသားတွေဟာ ကျန်းမာရေးအတွက် ရလဒ်ဆိုးတွေရှိနေနိုင်တဲ့ ဇိမ်ခံပစ္စည်းတွေ၊ အသုံးအဆောင်တွေနဲ့ ဝိုင်းဝိုင်းလည်နေခဲ့ပါတယ်။ Headphone နဲ့ နားကြပ်တွေဟာလည်း နောက်ကွယ်ကဆိုးကျိုးတွေကို မသိကြဘဲ ယနေ့ခေတ်လူငယ်တွေ အသုံးများတဲ့ နည်းပညာပစ္စည်းတွေ ဖြစ်ပါတယ်။
နားကြပ်လေးတပ်ပြီး သီချင်းနားထောင်ကြတဲ့သူတွေကို ရထားပေါ်၊ ဘတ်စ်ကားပေါ်၊ လမ်းပေါ်၊ နေရာတကာမှာ တွေ့နေရသလို ကိုယ်ကိုယ်တိုင်လည်း စိတ်အပန်းပြေဖို့၊ ပြင်ပအသံတွေမကြားချင်လို့၊ စိတ်ဖိစီးမှုပြေလျော့စေဖို့၊ သီချင်းနှစ်သက်လို့ စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့် နားကြပ်နဲ့သွားရင်းလာရင်း နားထောင်လေ့ရှိပါတယ်။ အိမ်မှာနေလည်း အနားယူရင်းနားထောင်၊ အိပ်ရာဝင်နားထောင်တာတွေ ရှိကြပေမယ့် ကျန်းမာရေးအတွက်ကျတော့ သတိထားမိကြပါရဲ့လား။ ရံဖန်ရံခါဆိုရင်တော့ မသိသာပေမယ့် အမြဲနားကြပ်တပ်ပြီး သုံးနေတာအကျင့်ပါပြီး ကြာလာရင် ကျန်းမာရေးကို ဆိုးရွားတဲ့သက်ရောက်မှုတွေ ပေးနိုင်တယ်ဆိုတာတော့ သတိထားသင့်ပါတယ်။
Headphones နဲ့ နားကြပ်တွေအသုံးများခြင်းရဲ့ ဘေးထွက်ဆိုးကျိုးများ
အကြားအာရုံဆုံးရှုံးခြင်း / အကြားအာရုံပိုင်း နောက်ဆက်တွဲပြဿနာများ
headphones သို့မဟုတ် နားကြပ်ကိုသုံးတဲ့အခါ သင့်ရဲ့နားထဲကို အသံကတိုက်ရိုက် အနီးကပ် ဝင်ရောက်လာတာဖြစ်ပါတယ်။ 90 decibels ထက်ကျော်တဲ့ အသံအတိုင်းအတာက အကြားအာရုံမှာ နောက်ဆက်တွဲ ထိခိုက်မှုတွေဖြစ်လာစေနိုင်ပြီး နားမကြားတော့တဲ့အထိ ဖြစ်စေနိုင်ပါတယ်။
headphones နဲ့ နားကြပ်တပ်ပြီး နားထောင်လေ့ရှိသူတွေဟာ အကြားအာရုံဆုံးရှုံးဖို့ ရာခိုင်နှုန်းများပါတယ်။ 100 decibels ထက်ကျော်တဲ့ အသံနှုန်းနဲ့ ၁၅ မိနစ်လောက် နားထောင်ရုံနဲ့ပဲ ဒီအန္တရာယ်ကို စိတ်ပူရပါတယ်။ ဒါ့ကြောင့် ကိုယ်က ဒီလိုအလေ့အကျင့်မျိုးရှိနေသူဖြစ်ရင် ကိုယ့်ရဲ့နားကို နည်းနည်းလောက်အနားပေးပြီး အသံအကျယ်ကြီး ဖွင့်နားမထောင်ဖို့ သတိပြုပါ။
နားပိုးဝင်ခြင်း
သင်က ကိုယ့်နားကြပ်ကိုပဲ သုံးလေ့ရှိသူလား။ ဒါမှမဟုတ် တခြားသူဆီက ငှားသုံးတတ်သလား။ သူငယ်ချင်းမိတ်ဆွေတွေ၊ မိသားစုတွေဆီက တခါတရံတော့ ငှားသုံးမိမှာပါပဲ။ ဒါပေမယ့် ဒီလိုတစ်ကြိမ် တစ်ခါတည်းကနေပဲ လွယ်လွယ်နဲ့ နားပိုးဝင်ခြင်းဖြစ်နိုင်ပါတယ်။ နားထဲက ဘက်တီးရီးယားတွေက နားကြပ်တွေကတစ်ဆင့် တစ်ယောက်နဲ့တစ်ယောက် ကူးစက်ဖို့လွယ်ပါတယ်။ ဒါ့ကြောင့် တခြားသူဆီကို ငှားပေးရတော့မယ်ဆိုရင် သန့်စင်ဆေးရည်နဲ့ ပိုးသတ်တာမျိုး၊ ဒါမှမဟုတ် လုံးဝမငှားတာမျိုး၊ ငှားမသုံးတာမျိုး သတိထားသင့်ပါတယ်။
လေလမ်းကြောင်းပိတ်စေခြင်း
ထုတ်လုပ်တဲ့ကုမ္ပဏီတွေကတော့ အသံစနစ်ကောင်းမွန်ကြောင်း ကြော်ငြာကြမှာပါပဲ။ ဒါပေမယ့် အသံဘယ်လောက်ကောင်းကောင်း ကျန်းမာရေးရှုထောင့်မှာတော့ ကိုယ့်ရဲ့အသုံးပြုမှုကိုမူတည်ပြီး ထိခိုက်မှု အနည်းနဲ့အများ ရှိလာစေနိုင်ပါတယ်။ နားထဲကို နားကြပ်ထိုးထည့်ထားရင်ပဲ လေလမ်းကြောင်း ပိတ်ဆို့စေနိုင်ပါတယ်။ လေအဝင်အထွက်မရှိရင် သိချင်းသံပိုနားထောင်ကောင်းတယ် ဆိုပေမယ့် နားပိုးဝင်ခြင်းတွေ ဖြစ်လာနိုင်ခြေများပါတယ်။
အများဆုံးဖြစ်လေ့ရှိတာက နားကြပ်နဲ့ headphones တွေကို အမြဲပုံမှန်သုံးလေ့ရှိတဲ့သူတွေဟာ နားအူခြင်း၊ နားပိုးဝင်ခြင်းနဲ့ နားလေးခြင်းတို့ ဖြစ်လာတတ်ပါတယ်။
အကြားအာရုံခေတ္တပျောက်ဆုံးခြင်း
တစ်နေ့လုံး အသံအကျယ်ကြီးနဲ့ နားကြပ်အသုံးများတဲ့သူတွေဟာ အကြားအာရုံခေတ္တ ပျောက်ဆုံးတတ်ပါတယ်။ ဒီလို numb ears ဖြစ်ပြီးရင် ခဏနေတာနဲ့ ပုံမှန်ပြန်ဖြစ်လာပါတယ်။ ဒါပေမယ့် ဒီအခြေအနေက အန္တရာယ်များတဲ့အပြင် တကယ်နားမကြားတော့တဲ့အထိ ဖြစ်စေနိုင်ပါတယ်။
နားကိုက်ခြင်း
နားကြပ်သုံးတဲ့သူတွေမှာ နားကိုက်တဲ့ပြဿနာ ခဏခဏကြားရပါတယ်။ နားထဲမှာ တဝီဝီနဲ့ အသံတွေကြားနေရတာ ဒါမှမဟုတ် ဟိုးအတွင်းက စူးကနဲနာကျင် ကိုက်ခဲတာတွေ ခံစားရတတ်ကြပါတယ်။
ဦးနှောက်ကို ဆိုးကျိုးသက်ရောက်စေခြင်း
နားကြပ်တွေ၊ headphone တွေဆီကထုတ်လွှတ်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေက ဦးနှောက်ကို ပြင်းထန်တဲ့အန္တရာယ်တွေ ဖြစ်လာစေနိုင်ပါတယ်။ ဒါပေမယ့် ဒါကိုသက်သေပြဖို့တော့ လုံလောက်တဲ့ ဆေးပညာအထောက်အထားတော့ မရှိသေးပါဘူး။ ဒါပေမယ့် Bluetooth၊ headphone နဲ့ နားကြပ်ကို နေ့စဉ်သုံးသူတွေဟာ ဦးနှောက်နဲ့ ပတ်သက်တဲ့ရောဂါတွေ ပိုအဖြစ်များတာတွေ့ရပါတယ်။
နားအတွင်းပိုင်းဟာ ဦးနှောက်နဲ့တိုက်ရိုက်ချိတ်ဆက်နေတာဖြစ်ပြီး နည်းနည်းလောက် ပိုးဝင်ရင်တောင် ဦးနှောက်ကိုတိုက်ရိုက် ထိခိုက်စေနိုင်ပါတယ်။
အသက်အန္တရာယ်နီးတဲ့ မတော်တဆမှုတွေ
အခုနောက်ပိုင်းမှာ နားကြပ်တပ်ရင်း လမ်းသွားလမ်းလာတွေ မတော်တဆဖြစ်မှုတွေ များလာပါတယ်။ ကားဟွန်းသံမကြား၊ ရထားသံ မကြားနိုင်တဲ့သူတွေဟာ ဖြစ်ရပ်ဆိုးရဲ့သားကောင်ဖြစ်သွားနိုင်ပါတယ်။ တစ်ခါတရံ နားကြပ်တပ်ထားသူရဲ့အသက်ကို ကယ်တင်နိုင်ဖို့ ကြိုးစားရင်း တခြားသူတွေရဲ့အသက် အန္တရာယ်ဖြစ်ရတာတွေတောင် ရှိပါတယ်။
နားကိုမထိခိုက်စေဘဲ နားကြပ်ဆက်သုံးနိုင်ဖို့ ဘယ်လိုဆင်ခြင်မလဲ
နားကြပ်အသုံးပြုခြင်းရဲ့ကျန်းမာရေးအန္တရာယ်တွေကို သိထားပြီးပြီဆိုရင်တော့ စိုးရိမ်နေမှာပါပဲ။ ဒါပေမယ့် ဒီအတိုင်းတော့ မသုံးတော့ဘဲ လက်မလျှော့လိုက်ပါနဲ့။ နားကိုလည်း မထိခိုက်စေဘဲ headphone နဲ့ နားကြပ်တွေကို သုံးနိုင်မယ့် နည်းလမ်းတွေရှိပါသေးတယ်။
နားထဲကို ထည့်သွင်းရတဲ့ နားကြပ်သေးသေးလေးတွေကို မသုံးပါနဲ့။ နားအပြင်မှာတပ်ဆင်ရတဲ့ ဆိုဒ်ပိုကြီးတဲ့ headphone တွေကိုသုံးပါ။
ကိုယ့်နားကြပ် သို့မဟုတ် headphone ကို တခြားသူတွေနဲ့ မျှဝေမသုံးပါနဲ့။ မငှားပါနဲ့။
နားကြပ်ရဲ့ရော်ဘာအစွပ်လေးတွေကို တစ်လတစ်ကြိမ်လောက် လဲပေးပါ။
နားကြပ်မှာ အစွပ်မပါဘူးဆိုရင် သန့်စင်ဆေးရည်နဲ့ ပိုးသတ်ပေးပါ။
ကား၊ ရထား၊ အမြန်ရထားနဲ့သွားရင် ဒါမှမဟုတ် လမ်းလျှောက်သွားရင်း နားကြပ်မတပ်ထားပါနဲ့။
နားကြပ်/headphone တပ်ထားရင် အသံအကျယ်ကြီးမထားပါနဲ့။
လူ့အသုံးအဆောင် ပစ္စည်းတွေကြောင့် နေထိုင်သုံးစွဲရ လွယ်ကူစေတယ်ဆိုပေမယ့် အကန့်အသတ်နဲ့ပဲသုံးပါ။
Hello Health Group သည်ဆေးပညာအကြံပြုချက်များ၊ ရောဂါရှာဖွေအတည်ပြုချက်များနှင့် ကုသမှုများ မပြုလုပ်ပေးပါ။
ရေးသားသူ - Yun Sandi Nan Mon
ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Kaung Thar
“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။”