ကျိုင်းတုံ    ၂၇   ဇူလိုင် 


ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ရှမ်းပြည်နယ် အသေးစား စက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ဖွင့်လှစ်သော လူသုံးကုန်နှင့် အလှကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ပြန်လည်ထူထောင်ရေးစခန်း အစည်းအဝေးခန်းမ၌  ယနေ့နံနက် ၉ နာရီက ကျင်းပသည်။


အခမ်းအနားတွင် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက သင်တန်းအဖွင့် အမှာစကားပြောကြားရာ သင်တန်းသားများအတွက် ယခုသင်တန်းသည် အသက်မွေးဝမ်းကြောင်း ပညာရပ်ဖြစ်သောကြောင့် ခွန်အားတစ်ရပ်ဖြစ်စေပြီး တက်မြောက်သွားကြရန် သင်ကြားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။


ဆက်လက်၍ ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူး ဦးသက်နိုင်ဦးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားရာ ယခုသင်တန်းသည် အချိန်ကာလ အနည်းဆုံးဖြင့် သင်ကြားတတ်မြောက်နိုင်ပြီး အရင်းအနှီး အနည်းငယ်ဖြင့် မိသားစုဝင်ငွေရရှိရန် ဆောင်ရွက်နိုင်သောကြောင့် ပြန်လည်ထူထောင်ရေးစခန်းရှိ သင်တန်းသားများနှင့် ကိုက်ညီစေရန် ရွေးချယ်ထားခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။


အဆိုပါသင်တန်းအား ရှမ်းပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ နည်းပြဆရာ နှစ်ဦးက ပြန်လည်ထူထောင်ရေးစခန်းမှ သင်တန်းသား  (၃၁)ဦး အား လူသုံးကုန် ဆပ်ပြာအမျိုးမျိုး၊ အလှကုန် စနိုး၊ ပေါင်ဒါစသည် ထုတ်လုပ်မှုနည်းပညာများအား စာတွေ့လက်တွေ့ဖြင့် ဇူလိုင်လ ၂၇ ရက်နေ့မှ  သြဂုတ်လ ၂ ရက်နေ့အထိ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။


ခရိုင်(ပြန်/ဆက်)

 

8