၂၇ ဇူလိုင်


ဗီတာမင်ချို့တဲ့နေလို့ပဲဖြစ်ဖြစ်၊ အားဆေးသောက်သင့်တယ်ဆိုလို့ သူများပြောလို့ပဲဖြစ်ဖြစ် ကိုယ်ကိုယ်တိုင် အားဆေးသောက်ချင်လို့ဖြစ်ဖြစ် အားဆေးတွေဝယ်သောက်တော့မယ်ဆိုရင် သင်ပထမဆုံး ဘာကို စဉ်းစားပါသလဲ။


ဈေးကွက်ထဲမှာရှိနေတဲ့ ဖြည့်စွက်အားဆေးတွေဆိုတာ ရေတွက်လို့မရနိုင်လိုက်အောင် များပြားတဲ့အတွက် ဘယ်အားဆေးက ယုံကြည်စိတ်ချရလဲ၊ အရည်အသွေးပိုကောင်းလဲ ဆိုတဲ့မေးခွန်း ခေါင်းထဲအရင်ဆုံး ရောက်လာတယ်မဟုတ်လား။


လူတော်တော်များများက အားဆေးကို ကြော်ငြာအားကောင်းလို့၊ လူပြောများနေလို့ ဆေးဆိုင်တွေမှာ တင်ထားတာတွေ့လို့ဆိုပြီး ဝယ်လာကြတာများပါတယ်။ အကောင်းဆုံး အားဆေးတစ်ခုမှာ ဘယ်လို အချက်တွေ ပါသင့်လဲ၊ ဘာလို့ ဒီအားဆေးကို ဝယ်သောက်သင့်လဲဆိုတဲ့ အကြောင်းတွေကို များများစားစား မသိကြပါဘူး။ တွေ့ကရာ အားဆေးတွေဝယ်လာတာထက်စာရင် အားဆေးတစ်ခုကို ဘယ်လိုအချက်တွေနဲ့ စိစစ်ရွေးချယ်ပြီး ဝယ်ယူရမလဲဆိုတာ သိထားရင် ပိုမကောင်းဘူးလား။ ဒါမှ ပိုက်ဆံကုန်ရကျိုးလည်း နပ်မှာပေါ့နော့်။


အကောင်းဆုံးအားဆေးတစ်ခုကို  ဘယ်လို အချက်တွေကြည့်ပြီး ရွေးဝယ်မလဲ ။ 


FDA မြန်မာနိုင်ငံ ဆေးဝါးကွပ်ကဲရေး အဖွဲ့ရဲ့ ထောက်ခံချက်အမှတ်ပါရပါမယ်။ 


ဒါက အရေးအကြီးဆုံးပါ။ ကိုယ်ဝယ်သုံးနေတဲ့ အားဆေးက ယုံကြည်စိတ်ချရမှု ရှိမရှိ အတိကျဆုံး အဆုံးအဖြတ်ပေးနိုင်တဲ့ တစ်ခုတည်းသော အရာဟာ FDA ရဲ့ ထောက်ခံချက်ပါ။ ဒါ့ကြောင့် အားဆေး တစ်ခု ဝယ်သောက်တော့မယ်ဆိုရင် ဒီထောက်ခံချက်ပါမပါအရင်ဆုံး ကြည့်ပြီးမှ ဝယ်ယူစေချင်ပါတယ်။ အခြားသူတွေက ဘယ်လောက်ပဲ ကောင်းတယ်ပြောပြော FDA ရဲ့ ထောက်ခံချက် မပါတဲ့ အားဆေးတွေကို ဝယ်မသုံးတာ အကောင်းဆုံးပါ။


ဆေးအကြောင်း အင်တာနက်မှာ အရင်ရှာကြည့်ပါ။  


သိချင်တာမှန်သမျှ လိုင်းပေါ်တက်ပြီး ရှာလိုက်ရုံနဲ့ သိရတဲ့ အင်တာနက်ခေတ်ဆိုတော့ ကိုယ်ဝယ်ချင်တဲ့ အားဆေးအကြောင်းကို အင်တာနက်ပေါ်မှာ အရင်ရှာကြည့်ပါ။ ဆေးထဲမှာဘာတွေပါလဲ၊ ကျန်းမာရေးအတွက် ဘယ်လိုအကျိုးပြုလဲ၊ သုံးစွဲပြီးသူတွေကရော ကောင်းမကောင်းဘာတွေပြောထားလဲ စတဲ့အချက်တွေကို သေချာလေ့လာပြီးမှ ဝယ်ပါ။


ဆေးဘူးနောက်ကျောမှာရေးထားတဲ့ ပါဝင်ပစ္စည်းတွေကို သေချာဖတ်ပါ။  


ကိုယ်ဝယ်သောက်မယ့်အားဆေးမှာ ဘယ်ဗီတာမင်နဲ့ သတ္တုဓာတ်တွေပါတယ်။  ဘယ်လောက်ပမာဏပါတယ် ဆိုတာတွေကို သေချာဖတ်ကြည်သင့်ပါတယ်။ ဒါမှ ကိုယ်လိုချင်တဲ့ ဗီတာမင်က တစ်ခု၊ ကိုယ်ဝယ်သောက်လိုက်တဲ့ အားဆေးက တစ်ခြားဆိုတာမျိုး မဖြစ်တော့မှာလေ။  ဒါ့အပြင် ပြုပြင်ထားတဲ့ ဗီတာမင်တွေထက်စာရင် အစားအသောက်ကရတဲ့ ဗီတာမင်တွေကို အခြေခံပြီးထုတ်ထားတဲ့ အားဆေးတွေကို ပိုပြီး ရွေးချယ်သင့်ပါတယ်။


ရိုးသားမှုသည် အရေးအကြီးဆုံးပါ။


ဒီအားဆေးမှာတော့ ဓာတ်မတည့်ခြင်းကို ဖြစ်စေတတ်တဲ့ ပစ္စည်းတွေပါဝင်တာကြောင့် ဘယ်သူတွေကတော့ မသောက်သင့်ပါဘူးဆိုတဲ့ ဖော်ပြချက်တွေ၊ အသက်ဘယ်လောက်ဝန်းကျင်တွေကတော့ ဒီအားဆေးကို မသောက်သင့်ပါဘူးဆိုတဲ့ ဖော်ပြချက်တွေပါတဲ့ အားဆေးမျိုးတွေက ပိုပြီး ယုံကြည်စိတ်ချရပါတယ်။ အမှန်ကို အမှန်အတိုင်းပြောထားတော့ ဝယ်သောက်တဲ့သူတွေလည်း သေချာစဉ်းစားလို့ရတာပေါ့။


Active Form ဆိုတဲ့ စကားလုံးကို လိုက်ရှာပါ။


တစ်ချို့အားဆေးတွေမှာပါတဲ့ ပါဝင်ပစ္စည်းတွေကို ကိုယ်ခန္ဓာက ချက်ချင်းမစုပ်ယူနိုင်ပါဘူး။ အားဆေးသောက်တယ်ဆိုတာ အာနိသင်မြန်မြန်လိုချင်လို့သောက်ပါတယ်ဆိုမှ ကိုယ်ခန္ဓာက စုပ်ယူရခက်တဲ့ အားဆေးတွေကို ဝယ်မိမယ်ဆိုရင် အချိန်ကုန် ငွေကုန်တာပဲ အဖတ်တင်တော့မှာပေါ့။ ဒါဆို ဘယ်လိုရွေးဝယ်ရမလဲ။  “bioavailable,” “optimized,” ဒါမှမဟုတ် “active form” ဆိုတဲ့ စကားလုံးလေးတွေကို ဆေးဘူးနောက်က ဆေးညွှန်းမှာလိုက်ရှာပါ။ ဒီစာလုံးတွေရဲ့ အဓိပ္ပါယ်က စုပ်ယူရလွယ်ကူစေတယ်၊ ဆေးအာနိသင်ကောင်းတယ်ဆိုတာကို ပြောထားတာတွေပါ။ ဒီစာလုံးတွေပါတဲ့ အားဆေးတွေကို ပိုပြီးဦးစားပေးရွေးချယ်စေချင်ပါတယ်။


ဘယ်လိုသောက်ရမလဲဆိုတဲ့ ဆေးညွှန်းပါပါစေ။ 


တစ်နေ့ဘယ်နှစ်လုံးသောက်ရမလဲ။ ဘယ်နှစ်ကြိမ်သောက်ရမှာလဲ။ အသက်ဘယ်လောက်က စပြီး သောက်ရမှာလဲ။ အစာနဲ့တွဲပြီးလား အစာမပါဘဲသောက်ရမှာလားဆိုတဲ့ အညွှန်းတွေပါတာကို ရွေးချယ်ပါ။ ဒါမှ လိုတာထက်ပိုတဲ့ ပမာဏ မသောက်မိတော့လို့ ဆေးရဲ့ဘေးထွက်ဆိုးကျိုးတွေ ခံစားရတာမျိုး မဖြစ်တော့ဘူးပေါ့။


ဒါတွေကတော့ အားဆေးပဲဖြစ်ဖြစ် အခြားဘာဆေးတွေပဲဖြစ်ဖြစ် ဝယ်ယူတဲ့အခါ မဖြစ်မနေ စစ်ကြည့်သင့်တဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ ဒီအတိုင်း တွေ့ကရာ ဝယ်လိုက်တာထက်စာရင် ဒါလေးတွေသိထားပြီး ဝယ်တော့ ပိုကောင်းတာပေါ့။  


ရေးသားသူ - Dr. Thin Yadanar @ Frances


ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ - Dr. Thurein Hlaing Win


“ယခုဆောင်းပါးကို Myanmar Digital News ၏ မိတ်ဘက်ဖြစ်သည့် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် Hello ဆရာဝန် www.hellosayarwon.com မှ ကူးယူဖော်ပြခြင်းဖြစ်ပါသည်။”