ဖားကန့် ၂၇ ဇူလိုင်
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်းရှိ ကျေးရွာချင်းဆက် မြေသားလမ်းများနှင့် ကမ်းပါးယံများသည် မိုးသည်းထန်စွာရွာသွန်းသည်နှင့် တစ်ပြိုင်နက် ပြိုကျပျက်စီးမှုများဖြစ်ပေါ်လျက်ရှိပြီး မြေသားလမ်းများ ပြန်လည်ပြုပြင်ရန်နှင့် အခြားအရေးပေါ်အခြေအနေများ ကြုံတွေ့လာရပါက ယာဉ်စက်ယန္တရားများ အသုံးပြုခွင့်ရရှိရေးကို ယမန်နေ့ နေ့လယ် (၁)နာရီတွင် မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြည်နယ်သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဦးဒါရှီလဆိုင်းနှင့် ဒေသခံပြည်သူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ပြည်ထောင်စုအစိုးရအဖွဲ့ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနမှ (၁-၇-၂၀၁၉)ရက်နေ့မှ (၃၀-၉-၂၀၁၉)ရက်နေ့အထိ မိုးတွင်းကာလကျောက်မျက်တူးဖော်ရေး လုပ်ငန်းများ ရပ်နားထားရန်ညွှန်ကြားမှုအတွင်း ယာဉ်စက်ယန္တရားများအသုံးပြုခွင့်ပါပိတ်ပင်ခဲ့သည့်အတွက် ဒေသ၏လိုအပ်ချက်အရ ကျောက်မျက်ကုမ္ပဏီများထံမှ ယာဉ်စက်ယန္တရားများ တောင်းယူအသုံးပြုခွင့်မရရှိသည့် ဒေသခံပြည်သူများအနေဖြင့် ဘေးကျပ်နံကျပ်အနေအထားသို့ ရောက်ရှိစေ ခဲ့သည်။
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့(Green Land)မှ ဉက္ကဋ္ဌ ဦးယိန်းခေါက လုံးခင်းကျေးရွာအုပ်စု၊ မားဆားမှော်ရွာနှင့် ကုဋေမှော်ရွာကြား အများပြည်သူသွားလာနေသည့် မြေသားလမ်း ပျက်စီးမှုကြောင့် ကျောင်းသား/ကျောင်းသူများ မိဘပြည်သူများ သွားလာရန် အခက်အခဲ ဖြစ်နေမှုကို အမြန်ဆုံးပြန်လည်ပြုပြင်ပေးနိုင်ရေး တင်ပြဆွေးနွေးသွားခဲ့သည်။
ဒေသခံများအနေဖြင့် ကျေးရွာချင်းဆက်မြေသားလမ်းများ ပြိုကျပျက်စီးမှုကိုမကာကွယ်နိုင်ပဲ ဖြစ်နေရပြီး ဒေသအတွက်လိုအပ်မှုအရ အကန့်အသတ်ဖြင့် ကျောက်မျက်ကုမ္ပဏီများထံမှ ယာဉ်စက်ယန္တရားများ အသုံးပြုခွင့်ရရန် မျှော်လင့်လျက်ရှိသည်။
ဖားကန့်ဒေသသည် ပထဝီအနေအထားအရ မြှင့်မားသောတောင်ကုန်းတောင်တန်းများ တည်ရှိပြီး တစ်နှစ်ပတ်လုံး ယာဉ်စက်ယန္တရားကြီးများဖြင့် ကျောက်စိမ်းတူးဖော်ထုတ်လုပ်ထားမှုများက မိုးတွင်းကာလရောက်တိုင်း ဒေသခံပြည်သူများအတွက် အခက်အခဲများကြုံတွေ့ရလေ့ရှိသည်။
“အထက်မက်လင်ချောင်ကျေးရွာနှင့် အောက်မက်လင်ချောင်ကျေးရွာသွားလမ်းတွေ ပျက်စီးနေပြီး လူအားနဲ့ပြုပြင်ထားပေမယ့် ခဏပါပဲ မိုးရွာတာနဲ့ပြန်ပျက်တာပါပဲ၊ ကျွန်တော်တို့နှစ်ရွာလုံးက ကျောင်းသား/ကျောင်းသူတွေက ရှမ်းစုကျေးရွာမှာ အလယ်တန်းကျောင်း သွားတက်ရပါတယ်၊ ရှမ်းစုကျေးရွာသွားလမ်းလည်း ပျက်စီးနေတော့ ကျောင်းသား/ကျောင်းသူတွေအတွက် ဒုက္ခရောက်ရပါတယ်”ဟု အထက်မက်လက်ချောင်ကျေးရွာမှ ရာအိမ်မှူး ဦးတူးမိုင်က ပြောကြားသည်။
အလားတူ မော်မောင်းဘွမ်ကျေးရွာနှင့် ဖားကန့်မြို့သွားလမ်းမှာလည်း ဇူလိုင်လတတိယပတ်က မိုးရွာသွန်းစဉ်အတွင်း လမ်း၏တစ်ဖက်ရှိ ကန်အနိမ့်ပိုင်းအတွင်းသို့ ပြိုကျပျက်စီးသွားပြီး ကျေးရွာနေပြည်သူများ သွားလာရခက်ခဲလျက်ရှိကြောင်း အဆိုပါ ကျေးရွာမှရပ်မိ/ရပ်ဖတစ်ဦးက ဆွေးနွေးတင်ပြခဲ့သည်။
ဆက်လက်၍ ကျောက်စိမ်းတူးဖော်ရေး(လုံးခင်း)မှ ခေတ္တအထွေထွေမန်နေဂျာဦးမင်းထွန်းဟန် နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်တို့က လုပ်ငန်းဆောင်ရွက်ခဲ့သော ကျောက်မျက်ကုမ္ပဏီအလိုက် ခွဲတမ်းအလိုက်တာဝန်ယူစေ၍ ဘက်ဟိုးယာဉ်နှင့် မြေသယ်ယာဉ်များ ထုတ်ပေးရေးနှင့် အသုံးပြုခွင့်ရရှိရေး ဆက်လက်ဆောင်ရွက်နေမှုများအား ရှင်းလင်းပြောကြားခဲ့ကြသည်။
ထို့နောက် ပြည်နယ်သယံဇာတဝန်ကြီး ဦးဒါရှီလဆိုင်းက ပြည်သူများ၏ဆွေးနွေးမှုများအပေါ် ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ အကောင်အထည်ဖော်နိုင်ရေးနှင့် အခက်အခဲများအား အမြန်ဆုံးဖြေရှင်းပေးနိုင်ရေး ဆောင်ရွက်သွားမည်ကိစ္စရပ်များအား ပြန်လည်ရှင်းလင်း ဖြေကြားခဲ့ကြောင်း သိရသည်။
တာလင်းမောင် (ပြန်/ဆက်)


