ကျောက်တံခါး ၂၇ ဇူလိုင်
ပဲခူးတိုင်းဒေသကြီး ကျောက်တံခါးမြို့နယ် လက်ခံကျေးရွာအုပ်စု၊ ကျောက်စရစ်ကျေးရွာ၌ စစ်တောင်းမြစ်ကမ်းပါးပြိုကျလာခြင်းကြောင့် အချို့လူနေအိမ်များ စိုးရိမ်ရသည့် အနေအထားသို့ ရောက်ရှိနေ၍ ဇူလိုင် ၂၆ ရက်နေ့မှစတင်ကာ ကျောက်စရစ်ကျေးရွာနေပြည်သူများ စုပေါင်း၍ သစ်ဝါးများဖြင့် သဲအိတ်များထည့်ကာ ကိုယ့်အားကိုယ်ကိုး မြေထိန်းနံရံ တည်ဆောက်နေကြကြောင်း သိရသည်။
“ယခုတစ်ပတ်အတွင်းမှာ စစ်တောင်းမြစ်ကမ်းပါးများ ပြိုကျလာတဲ့အတွက် ကျွန်တော်တို့ ကျောက်စရစ်ကျေးရွာက အိမ်ခြေ ၅ အိမ်ခန့်မှာ ကမ်းနဲ့ပေ၂၀ ခန့်သာ ဝေးကွာတော့ပြီး စိုးရိမ်ရတဲ့အနေအထားကို ရောက်ရှိလာတာကြောင့် ရွာသူရွာသားတွေ စုပေါင်းပြီး ကိုယ့်အားကိုယ်ကိုး အစီအစဉ်နဲ့ သစ်ဝါးများဝယ်ယူ၍ ချုပ်တန်းများရိုက်ပြီး သဲအိတ်တွေထည့်ကာ မြေထိန်းနံရံအဖြစ် အရေးပေါ်ဆောင်ရွက်နေရပါတယ်၊ ရွာမှာကအိမ်ခြေပေါင်း ၈၃ အိမ်ရှိပြီး လူဦးရေပေါင်း ၅၀ဝ ကျော်ရှိပါတယ်၊ လယ်ယာလုပ်ကိုင်သူနည်းပါးပြီး လက်လုပ်လက်စားများပါတယ်၊ အများဆုံးက ချို့တဲ့နွမ်းပါးကြသူတွေပါ၊ အခုလိုအရေးပေါ်အခြေအနေမှာ ကျွန်တော်တို့ရွာသားတွေ စုပေါင်းအားနဲ့ ဆောင်ရွက်နေရတာဖြစ်လို့ သက်ဆိုင်ရာ တာဝန်ရှိသူတွေ လာရောက်ကြည့်ရှုကာ ကူညီဆောင်ရွက်ပေးစေချင်ပါတယ်” ဟု ကျောက်စရစ်ကျေးရွာနေ ဦးဝင်းသိန်းက ပြောသည်။
ခင်ကို(ကျောက်တံခါး)


