မုံရွာ ၂၇ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မြို့တော်ခန်းမတွင် အရပ်ဘက်အဖွဲ့အစည်းများ၏ မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် သုံးသပ်ခြင်းဆွေးနွေးပွဲအား ယနေ့ နံနက် ၉ နာရီမှစတင်ပြီး သုံးရက်ကြာ ကျင်းပလျက်ရှိကြောင်း သိရသည်။
ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးရှိ အရပ်ဘက်အဖွဲ့အစည်း ကိုယ်စားလှယ်များပါဝင်သော ဆွေးနွေးပွဲများမှတစ်ဆင့် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပတ်သက်ပြီး အရပ်ဘက်အဖွဲ့အစည်းများ၏ အသံနှင့် သဘောထားများကိုစုစည်းပြီး ရည်ရွယ်ချက်များကို ပိုမိုအထောက်အပံ့ဖြစ်စေရန်၊ မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များကို ပိုမိုပံ့ပိုးမှုဖြစ်စေနိုင်ရန်၊ စဉ်းစားချက်များ၊ အကြံပြုချက်များ ရရှိစေရန်နှင့် ပြည်ထောင်စုအဆင့် အရပ်ဘက်အဖွဲ့အစည်းများ၊ ငြိမ်းချမ်းရေးဖိုရမ်ကော်မတီ၏ ဦးဆောင်မှုဖြင့် ပညာရှင်များနှင့် ပြည်နယ်နှင့် တိုင်းဒေသကြီး ဦးဆောင်ကော်မတီများ ပါဝင်သော မြန်မာနိုင်ငံ၏ လက်ရှိငြိမ်းချမ်းရေး ဖြစ်စဉ်အား အရပ်ဘက် အဖွဲ့အစည်းများမှ ပြန်လည်သုံးသပ်ဆွေးနွေးပွဲကို ကျင်းပရခြင်းဖြစ်ကြောင်း သိရသည်။
အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာမြင့်နိုင်က အမှာစကား ပြောကြားပြီး ဆွေးနွေးပွဲအခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်နယ်နှင့်တိုင်းဒေသကြီး (၁၄)ခုတို့မှ ကိုယ်စားလှယ်များနှင့် မိတ်ဆက်ပေးခဲ့ကြောင်း သိရသည်။
ထို့နောက် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်အပေါ်သုံးသပ်ခြင်းနှင့် အမြင်များ မျှဝေခြင်းခေါင်းစဉ်ကို ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ၏ လက်နက်ကိုင်များ အစုအဖွဲ့မှ ရဲဘော်မိဆူးပွင့်က လည်းကောင်း၊ နိုင်ငံရေးပါတီများ အစုအဖွဲ့ကိုယ်စားလှယ် ဦးဦးလှစောနှင့် အကျိုးဆောင် ဆရာမချင်းချင်း တို့က လည်းကောင်း၊ အစိုးရအဖွဲ့၏ အတွင်းရေးမှူး ဦးလှမောင်ရွှေက လည်းကောင်း၊ မဟာဗျူဟာနှင့် မူဝါဒ လေ့လာရေးအဖွဲ့(မြန်မာ)၏ အမှုဆောင်ဒါရိုက်တာ ဦးမင်းဇင်တို့ကလည်းကောင်း အသီးသီး ဆွေးနွေးကြရာ တက်ရောက်လာသော ပြည်နယ်နှင့် တိုင်းဒေသကြီးများမှ ကိုယ်စားလှယ်များ၏ သိရှိလိုသည်များကို ပြန်လည်ရှင်းလင်း ဆွေးနွေးပေးခဲ့ကြောင်း သိရသည်။
ဝင်းဦး(ဇေယျာတိုင်း)


