ရန်ကုန် ၂၇   ဇူလိုင် 


ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြန်မာ့သင်္ဘောကျင်းလုပ်ငန်း ဖက်စပ်ကုမ္ပဏီဖြစ်သော Myanma Ship-yards - AMECC Joint Venture Co., Ltd သို့ တည်ဆောက်ရန်လုပ်ငန်းအပ်နှံထားသည့် ဧရာဝတီမြစ်ဝှမ်း ဘက်စုံသုံးရေယာဉ်သစ် “BH-101” ရေယာဉ်လွှဲပြောင်းပေးပွဲ အခမ်းအနားကို ယနေ့နံနက် (၉.၃၀) နာရီတွင် ရန်ကုန်မြို့၊ ဘုရင့်နောင်လမ်းရှိ Myanma Shipyards - AMECC Joint Venture Co., Ltd ရှိ သင်္ဘောကျင်း၌ ကျင်းပပြုလုပ်သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် အသစ်တည်ဆောက်ပြီးစီးနေသည့် ဘက်စုံသုံး ရေယာဉ်သစ် “BH-101” ရေယာဉ်ပေါ်သို့ တက်ရောက်ကြည့်ရှုစစ်ဆေးခဲ့သည်။ ၎င်းနောက်ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည် ဘက်စုံသုံးရေယာဉ်သစ် “BH-101” ရေယာဉ်ရှေ့တွင် မှတ်တမ်းတင် ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။


ဆက်လက်၍ Myanma Shipyards AMECC Joint Venture Co., Ltd ရုံးခန်းမဆောင် တွင်ပြုလုပ်သည့် ရေယာဉ်သစ်လွှဲပြောင်းပေးအပ်ပွဲ ဒုတိယပိုင်းအစီအစဉ်အား ဆက်လက်ကျင်းပပြုလုပ်ရာ ပြည်ထောင်စုဝန်ကြီးမှ အဖွင့်အမှာစကားပြောကြားရာတွင် “ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာနက JICA အကူအညီနဲ့ ဆောင်ရွက်ခဲ့တဲ့ Myanmar National Transport Master Plan (2014) နှင့် National Logistics Master Plan (2017) လေ့လာရေးလုပ်ငန်းတွေကို အလျဉ်းသင့်လို့ ဆွေးနွေးလိုပါတယ်။ Myanmar National Transport Master Plan မှာဆိုရင် ကျွန်တော်တို့ဟာ ရေကြောင်းပို့ဆောင်ရေးကဏ္ဍကို မြှင့်တင်ပေးဖို့အတွက် အဓိကကျတဲ့လုပ်ငန်းများကို ပုံမှန်ဆောင်ရွက်ပေးဖို့ လိုတယ်ဆိုပြီးအကြံပြုထားပါတယ်။ National Logistics Master Plan မှာ လာမည့် ၂၀၃၀ ခုနှစ်ရောက်လျှင် ကုန်စည်သယ်ယူပို့ဆောင်ရေးကဏ္ဍ (Cargo Demand) ဟာ အခုလက်ရှိထက် ၃ ဆ ပိုမိုမြင့်တက်လာမယ်လို့ ခန့်မှန်းထားပါတယ်။ ကမ္ဘာ့ဘဏ်ချေးငွေနှင့် ဧရာဝတီမြစ်ဝှမ်းဘက်စုံစီမံခန့်ခွဲမှုစီမံကိန်း (AIRBM) Project ကို ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလကစပြီး ဆောင်ရွက်ခဲ့ရာမှာ (၄) နှစ်နီးပါးရှိပြီဖြစ်ပါတယ်။ DWIR က အငယ်တန်းအင်ဂျင်နီယာတွေကိုလည်း (GIS, Navigation, Modeling, Survey, Mechanical) စတဲ့သင်တန်းတွေကို ဆက်တိုက်ပို့ချပေးလျက်ရှိတဲ့အတွက် ရေရှည်မှာ ဌာနအနေနဲ့ ကိုယ့်ခြေကိုယ့်လက်နဲ့ လုပ်ကိုင်ဆောင်ရွက်သွားနိုင်တော့မှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။


၎င်းနောက်အခမ်းအနားသို့ တက်ရောက်လာကြသည့် ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့အား ဧရာဝတီမြစ်ဝှမ်းဘက်စုံသုံး ရေယာဉ် BH-101 ရေယာဉ်သစ်တည်ဆောက်မှု ဗီဒီယိုမှတ်တမ်းအားပြသပါသည်။ ၎င်းနောက် Myanma Shipyards AMECC Joint Venture Co., Ltd မှ Chairman ဦးကြည်စိုးက ရေယာဉ်နှင့် သက်ဆိုင်သေ ာစာရွက်စာတမ်းများကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်ထံသို့ လွှဲပြောင်းပေးအပ်ခဲ့သည်။ ဆက်လက်၍ ခေတ္တညွှန်ကြားရေးမှူးချုပ် ဦးဝင်းလှိုင်မှ ရေယာဉ်ပုံစံငယ်အား ပြည်ထောင်စုဝန်ကြီးထံသို့ အမှတ်တရလက်ဆောင်အဖြစ်ပေးအပ်ခဲ့သည်။


မြန်မာ့သင်္ဘောကျင်းလုပ်ငန်း AMECC Joint Venture Company Limited မှ တာဝန်ယူ တည်ဆောက်ခဲ့သော ဧရာဝတီမြစ်ဝှမ်းဘက်စုံသုံးရေယာဉ်ကို ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လုပ်ငန်းအပ်နှံတည်ဆောက်စေခဲ့ခြင်းဖြစ်သည်။ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနသည် ကမ္ဘာ့ဘဏ်ချေးငွေဖြင့် ဧရာဝတီမြစ်ဝှမ်းဘက်စုံ ဖွံ့ဖြိုးရေးစီမံကိန်း (AIRBM Project) အတွက် အပ်နှံတည်ဆောက်ခဲ့ခြင်းဖြစ်သည်။ အဆိုပါ ရေယာဉ်ကို အပြည်ပြည်ဆိုင်ရာ စစ်ဆေးရေးအဖွဲ့အစည်း (International Classification Society) တစ်ခုဖြစ်သည့် ဂျပန်နိုင်ငံ ClassNK ၏ စစ်ဆေးမှုကို ခံယူတည်ဆောက်ခဲ့ခြင်းဖြစ်သည်။


ရေယာဉ်အတွင်း၌ ရေယာဉ်ဝန်ထမ်းများနှင့် ရေယာဉ်လုံခြုံရေး၊ အသက်အန္တရာယ် ကင်းရှင်းရေးတို့အတွက် အသက်ကယ်ဘောကွင်း၊ အသက်ကယ်အင်္ကျီ၊ မီးသတ်ဆေးဘူးအမျိုးမျိုး၊ ဆက်သွယ်ရေးကိရိယာများ SSB, VHF, Radar, Echosounder, GPS, Magnetic Compass, Public Adderssor နှင့် Walkie Talkie တပ်ဆင်ထားပြီး ရေကြောင်းသွားလာမှု အချက်ပြမီးများအားလည်း စုံလင်စွာတပ်ဆင်ထားသည်။ သင်္ဘောတည်ဆောက်ရေးကုမ္ပဏီအနေဖြင့် တင်ဒါ အောင်မြင်ခဲ့ပြီးနောက်  ၂၀၁၈ ခုနှစ်၊ ဧပြီ (၆) ရက်တွင် ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် စာချုပ်ချုပ်ဆိုခဲ့ခြင်းဖြစ်သည်။


မြန်မာသင်္ဘောကျင်းလုပ်ငန်း ဖက်စပ်ကုမ္ပဏီအနေဖြင့် ဧရာဝတီမြစ်ဝှမ်းတစ်လျှောက် ဘက်စုံသုံးရန်အတွက် ပထမဆုံးဆောက်လုပ်သောသင်္ဘောဖြစ်ပြီး သင်္ဘော၏အမည်ကို BH-101 ဟူ၍ အမည်ပေးထားသည်။ အဆိုပါသင်္ဘောသည် ဧရာဝတီဖြစ်ကြောင်းတစ်လျှောက် ရေကြောင်းပြဗော်ယာများကို ဝန်ဆောင်မှုပေးမည့် သင်္ဘောဖြစ်သည်။ ထို့အပြင် မြစ်တစ်ဖက်ကမ်းနှင့် တစ်ဖက်ကမ်းကို ဖယ်ရီအနေနှင့် အသုံးပြုနိုင်မည်ဖြစ်သည်။ ထိုမျှမက မြစ်ကြောင်းတစ်လျှောက်တွင် မီးလောင်မှုဖြစ်ပွားပါကလည်း မီးငြိမ်းသတ်ရန် အသုံးပြုနိုင်မည့် ကူးတို့ရေယာဉ်အဖြစ်လည်း အသုံးပြုနိုင်မည်ရာ ဘက်စုံသုံးအနေဖြင့် အသုံးနိုင်မည့်သင်္ဘောဖြစ်သည်။


သင်္ဘောအလျားမှာ ၂၆ ဒသမ ၂၀ မီတာ၊ ဗျက် ၈ ဒသမ ၁၀ မီတာ၊ ဇောက် ၁ ဒသမ ၉ မီတာရှိကြောင်း သိရသည်။ သင်္ဘောကို ဂျပန်နိုင်ငံ  Yanmar Co., Ltd မှ ထုတ်လုပ်သော မြင်းကောင်ရေ ၅၀ဝ အားရှိ ပင်မအင်ဂျင်နှစ်လုံး တပ်ဆင်ထားပြီး မီးစက်အင်ဂျင်များ၊ ကရိန်းများ၊ မီးသတ်စက်များ၊ ဟိုက်ဒရောလစ်စနစ်များ၊ ရေကြောင်းလမ်းပြစနစ်များ စသော ဘက်စုံအသုံးပြု နိုင်ရန် စက်များတပ်ဆင်ထားသည်။ တစ်နာရီလျှင် ရေမိုင် ၁၀ မိုင်အထိမောင်းနှင်နိုင်ပြီး ရေတိမ် တွင် အလွယ်တကူ မောင်းနှင်သွားလာနိုင်ရန်နှင့် ပန်ကာဝင်ရိုးစနစ်မှာ အတင်အချပြုလုပ်နိုင်ရန်အတွက် အရှင်တပ်ဆင်ထားကြောင်း သိရသည်။ ထို့ပြင် ဆွဲသင်္ဘောအနေဖြင့်လည်း အသုံးပြုနိုင် စေရန် တည်ဆောက်ထားသည်ဟု သိရသည်။


သင်္ဘောပေါ်တွင် ရေယာဉ်ဝန်ထမ်း ခြောက်ဦး လိုက်ပါအမှုထမ်းနိုင်ပြီး တာဝန်ထမ်းဆောင် မည့် ရေယာဉ်ဝန်ထမ်းများ၏ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် လုံခြုံရေးဆိုင်ရာ ပစ္စည်းများ လည်း ပါဝင်ကြောင်းသိရသည်။ သင်္ဘောမှာ နိုင်ငံတကာအသိအမှတ်ပြု Class NK အဖွဲ့အစည်း ၏ စစ်ဆေးမှုဖြင့်တည်ဆောက်ထားခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါသင်္ဘောတည်ဆောက်ရေးအတွက် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၁ သန်းကုန်ကျကြောင်းသိရသည်။ သင်္ဘောကို ပုံမှန်စစ်ဆေးမှုများ၊ ပြင်ဆင်မှုများ ပြုလုပ်သုံးစွဲ လျှင် ၂၅ နှစ်ခန့် သက်တမ်းအထိ သုံးစွဲသွားနိုင်မည်ဖြစ်သည်။ သင်္ဘော၌ တပ်ဆင်ထား သောစနစ်များကို အပြီးသတ်စစ်ဆေးစမ်းသပ်မှုများ ပြီးစီးခဲ့ပြီးဖြစ်၍ ၂၀၁၉ ခုနှစ်၊ ဇူလိုင်လ (၉) ရက်တွင် မြစ်တွင်းစမ်းသပ်ခုတ်မောင်းမှုကို ClassNK Surveyor များလိုက်ပါလျက် ရေယာဉ် ကြံ့ခိုင်မှုစစ်ဆေးခြင်းများကို အောင်မြင်စွာ ဆောင်ရွက်ပေးနိုင်ခဲ့သည်။


မြန်မာ့သင်္ဘောကျင်းလုပ်ငန်းသည် ၂၀၁၅ ခုနှစ်မတိုင်မီက အစိုးရလက်အောက်တွင် ရပ် တည်သော်လည်း ၂၀၁၅ ခုနှစ်တွင် သင်္ဘောကျင်းလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ဗီယက် နမ်ကုမ္ပဏီတစ်ခုနှင့် အကျိုးတူပူးပေါင်းခဲ့သည်။ ထိုအချိန်မှစ၍ Myanma Shipyards – AMECC Joint Venture Company Limited အဖြစ် အမည်ပြောင်းလဲလုပ်ကိုင်နေခြင်းဖြစ်ကြောင်း သတင်းရရှိသည်။


MDN

 

10