နေပြည်တော် ၂၇ ဇူလိုင်
လယ်ယာကဏ္ဍ ဖွံ့ဖြိုးမှုတိုးတက်လာစေရန် နည်းပညာ၊ ရင်းနှီးမြှုပ်နှံမှု၊ လူ့စွမ်းအားအရင်းအမြစ် စသည့် ကဏ္ဍ ၃ ခု ဟန်ချက်ညီညီ ကြိုးပမ်းကြမှသာ တောင်သူအကျိုးစီးပွားမှတစ်ဆင့် တိုင်းပြည်အကျိုးစီးပွား တိုးတက်ရေးကို ထိရောက်စွာ အထောက်အကူဖြစ်စေမည် ဖြစ်ကြောင်း၊ ဇူလိုင် ၂၆ ရက် မွန်းလွဲပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ဝက်လက်မြို့ စိုင်နိုင် စိုက်ပျိုးရေးနည်းပညာစင်တာ၌ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ တောင်သူများနှင့် တွေ့ဆုံစဉ်စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်က ပြောကြားသည်။
ယင်းနောက် စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးက စစ်ကိုင်းတိုင်းဒေသကြီး၌ စိုက်ပျိုးရေးဝင်ငွေ တိုးတက်ရေးစီမံကိန်း ဆောင်ရွက်နေမှုအခြေအနေများ၊ တိုင်းဒေသကြီးအတွင်း မျိုးကောင်းမျိုးသန့်နှင့် မျိုးစေ့ထုတ်လုပ်ငန်းဆောင်ရွက်မှုများ၊ တောင်သူပညာပေး စံပြကွက်နှင့်စမ်းသပ်ကွက်စိုက်ဧက တိုးချဲ့ဆောင်ရွက်ရေး၊ မျိုးစေ့သိုလှောင်ရုံနှင့် မျိုးစေ့သန့်စင်စက်များ တိုးချဲ့ဆောက်ရွက်ရေး လိုအပ်ချက်များကို ရှင်းလင်းတင်ပြသည်။
ဆက်လက်၍ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဝင်းကဒေသ တွင်းလယ်ယာဖွံ့ဖြိုးရေး ဆောင်ရွက်ချက်များနှင့် လိုအပ်ချက်များအား ရှင်းလင်းတင်ပြသည်။
တင်ပြချက်များအပေါ် ဒုတိယဝန်ကြီးဦးလှကျော်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားသည်။
ထို့နောက် တွေ့ဆုံပွဲသို့ တက်ရောက်လာကြသော တောင်သူများက လိုအပ်ချက်များ တင်ပြမှုအပေါ် စိုက်ပျိုးရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းနှင့် တာဝန်ရှိသူများက ညှိနှိုင်းဆွေးနွေး ဆောင်ရွက်ပေးကြသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရွှေဘိုခရိုင် တဂဏန်းကျေးရွာရှိ တောင်သူနည်းပညာပေးစင်တာတွင် ဝန်ထမ်းများနှင့် တွေ့ဆုံ၍စိုက်ပျိုးရေး ဝင်ငွေတိုးတက်ရေး စီမံကိန်း အကောင်ထည်ဖော် ဆောင်ရွက်ရာ၌ ပါဝင်ဆောင်ရွက်သူ ဝန်ထမ်းများအနေဖြင့် စီမံကိန်းလုပ်ငန်းစဉ်များကို ကောင်းစွာနားလည်သဘောပေါက်ရေး၊ မျိုးစေ့ထုတ်လုပ်သည်မှ စားသုံးအဆင့်အထိ အစ-အလယ်-အဆုံး အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခြင်းဖြင့် တောင်သူများအတွက် ထိရောက်သောဝင်ငွေအကျိုးမြတ်များ ခံစားနိုင်ကြ စေရေးနှင့် ဒေသဖွံ့ဖြိုးရေးကို အမှန်တကယ် အထောက်အကူပြုနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ချက်များကို ဆွေးနွေးမှာကြားသည်။
သတင်းစဉ်


