နေပြည်တော် ၂၇ ဇူလိုင်

ဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲမှုနှင့် ကွမ်းယာစားသုံးမှုသည် လူငယ်များအတွင်း ဆိုးရွားစွာ ပျံ့နှံ့နေပြီဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံတွင် ကွမ်းယာစားသုံးမှုကြောင့် ခံတွင်းကင်ဆာ၊ လည်ချောင်းကင်ဆာ ဖြစ်ပွားမှု ပိုမိုများပြားလာကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဒေါက်တာသာထွန်းကျော်က ပြောကြားသည်။

ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ မင်္ဂလာသီရိဟိုတယ်၌ ကျင်းပသည့် မြန်မာနိုင်ငံ၏ ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက် ပစ္စည်းများနှင့် အရက်ယမကာများအပေါ် အခွန်အကောက်ဆိုင်ရာ လုပ်ငန်းများ ရှင်းလင်းတင်ပြခြင်း အခမ်းအနားတွင် ဒေါက်တာ သာထွန်းကျော်က ပြောကြားခြင်းဖြစ်သည်။

ထို့ပြင် ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်း သုံးစွဲမှုကြောင့် တစ်ကမ္ဘာလုံးတွင် နှစ်စဉ် လူဦးရေ ၇ သန်းခန့်နှင့် အရက်အလွန်အကျွံ သောက်သုံးမှုကြောင့် လူဦးရေ ၃ သန်းခန့် သေဆုံးလျက်ရှိကြောင်း၊ ကွမ်းယာစားသုံးမှုနှင့် ပတ်သက်ပြီး ထိရောက်သည့် ထိန်းချုပ်မှုများ၊ ထိရောက်သည့် ကာကွယ်မှုများ ဆောင်ရွက်ရာတွင် ကျန်းမာရေး အသိပညာပေး မြှင့်တင်မှုလုပ်ငန်းသည် ကြိုးစားဆောင်ရွက်ရမည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း ပြောသည်။

ဆက်လက်၍ ၎င်းက ကျောင်းသားအရွယ် (အသက် ၁၃ နှစ်မှ ၁၅ အရွယ်) လူငယ်များ၏ ဆေးလိပ်နှင့် ဆေးရွက်ကြီး သုံးစွဲမှုမှာ ၂၀ဝ၇ ခုနှစ်တွင် ၄ ဒသမ ၉ ရာခိုင်နှုန်း ရှိခဲ့ရာမှ ၂၀၁၆ ခုနှစ်တွင် ၈ ဒသမ ၃ ရာခိုင်နှုန်းသို့ တိုးတက်လာခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် အသက် ၁၅ နှစ်မှ ၁၉ နှစ်အကြား လူငယ်များ အရက်အလွန်အကျွံ သောက်သုံးမှုနှုန်းမှာ အာဆီယံ နိုင်ငံများနှင့် တန်းတူရှိနေကြောင်း၊ မြန်မာနိုင်ငံတွင် ဆေးပေါ့လိပ် အပါအဝင် ဆေးလိပ် အလိပ်ရေ နှစ်စဉ် ၁၂ ဘီလီယံကျော် သုံးစွဲနေသည်ဟု ခန့်မှန်းသိရှိရကြောင်း။

မိမိတို့နိုင်ငံအနေဖြင့် ဆေးလိပ်ဆေးရွက်ကြီးပေါ်တွင် အခွန်ကောက်ခံမှုကို ယခင်ကထက် တစ်ဆင့်ချင်း တိုးမြှင့်လာသော်လည်း အခြားနိုင်ငံများ ဆောင်ရွက်သကဲ့သို့ သီးခြားသတ်မှတ်အခွန် (Specific dedicated tax) နှင့် အပိုဆောင်းအခွန် (Surcharge tax)များကို လက်ရှိတွင် မကျင့်သုံးနိုင်သေးပါကြောင်း၊ ကျင့်သုံးဆောင်ရွက်နိုင်မည်ဆိုလျှင် အကျိုးရှိမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါ အခမ်းအနားသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ ပြည်တွင်းပြည်ပ လူမှုရေးအဖွဲ့အစည်းများ၊ နိုင်ငံတကာ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်ဆွေးနွေးခဲ့ကြပြီး ကျန်းမာရေးနှင့် အားကစားရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါက်တာစံရွှေဝင်းက ဆေးလိပ်နှင့် ဆေးရွက်ကြီးထွက်ပစ္စည်းများနှင့် အရက်ယမကာများအပေါ် အခွန်တိုးမြှင့်ကောက်ခံခြင်းသည် သုံးစွဲမှုကို ကျဆင်းစေကြောင်းကို အိမ်နီးချင်းနိုင်ငံများ၏ အတွေ့အကြုံအရ သိရှိရကြောင်း၊ ကျန်းမာရေး အတွက် အန္တရာယ်ဖြစ်စေသည့် ၎င်းပစ္စည်းများ သုံးစွဲမှုကျဆင်းစေရန် အဓိကရည်ရွယ်သည်ဟု ဆိုသည်။

ရှင်းလင်းတင်ပြခြင်း အခမ်းအနားတွင် ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းများအပေါ် အခွန်ကြောင့် လူ့အသက်များ ကယ်တင်နိုင်ခြင်း၊ အပြည်ပြည်ဆိုင်ရာ အတွေ့အကြုံနှင့် မြန်မာနိုင်ငံ၏ ဆေးလိပ်နှင့်ဆေးရွက်ကြီးထွက် ပစ္စည်းများအပေါ် အခွန်ကောက်ခံခြင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အကြံပြုချက်များ၊ ဆေးလိပ်နှင့်ဆေးရွက်ကြီး ထွက်ပစ္စည်းများအပေါ် အခွန်ကောက်ခံခြင်း အားနည်းချက်၊ အားသာချက်များ၊  အရက် ယမကာများ အပေါ်အခွန်အကောက် ဆိုင်ရာမူဝါဒများနှင့် အခွန်ကောက်ခံခြင်း စီမံခန့်ခွဲမှုများ၊ မြန်မာနိုင်ငံ၏ အရက်ယမကာများအပေါ် အခွန်အကောက်ဆိုင်ရာ မူဝါဒများနှင့် အခွန်ကောက်ခံခြင်း စီမံခန့်ခွဲမှုဆိုင်ရာ ပြုပြင်ပြောင်းလဲရေး အကြံပြုချက်များကို ဖော်ထုတ်ဆွေးနွေးခဲ့ကြသည်။

လူကျော်(သတင်းစဉ်)