မိတ္ထီလာ ၂၇ ဇူလိုင်
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် ရှမ်းမငယ်ကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း အဆင့်တိုးမြှင့် ဖွင့်ပွဲအခမ်းအနားကို ဇူလိုင် ၂၇ ရက် ညနေ ၄ နာရီခွဲက ၎င်းကျောင်းမုဒ်ဦး ဆိုင်းဘုတ်ရှေ့တွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးများက ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
ရှမ်းမငယ်ကျေးရွာ အခြေခံအလယ်တန်းကျောင်းဖွင့်ပွဲတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က နိုင်ငံဝန်ထမ်းကောင်းတွေဖြစ်ဖို့ အခြေခံပညာကစပြီး ကောင်းမွန်းသည့် အလေ့အကျင့်၊ ကောင်းမွန်းသည့် သင်ယူမှုများ သင်ကြားတတ်မြောက်သွားပြီဆိုရင် အဆင့်မြင့်ပညာရောက်ရှိပြီး အဆင့်မြင့်ပညာမှာ တက်ကျွမ်းသည့် ပညာရပ်တွေနဲ့ ဝန်ထမ်းဘဝခံယူပြီး နိုင်ငံဝန်ထမ်းကောင်းတွေ ဖြစ်လာမည်ဖြစ်ကြောင်း၊ ဒါမှသာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာမှာ ဖြစ်ပါကြောင်း၊ အခြေခံပညာဟာ နိုင်ငံအတွက် အလွန်အရေးကြီးပါကြောင်း၊ ဒါကြောင့် ဆရာဆရာမများနှင့်အတူ ကျောင်းသားမိဘများက ဝိုင်းဝန်းပူးပေါင်းကူညီ၍ ဆောင်ရွက်သွားမည်ဆိုပါက အရည်အသွေး ပြည့်ဝသည့်ကျောင်း၊ စည်းကမ်းပြည့်ဝသည့်ကျောင်း ဖြစ်လာပြီဆိုရင် နောင် နှစ်နှစ်၊ သုံးနှစ်အကြာတွင် အခြေခံပညာ အထက်တန်းကျောင်း(ခွဲ)ဖြစ် အဆင့်တိုးမြှင့် ဖွင့်လှစ်နိုင်မည်ပါဖြစ်ကြောင်း ပြောကြားခဲ့သည်။
ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့မှ လှူဒါန်းသည့် ကျောင်းဝတ်စုံ၊ အားကစားပစ္စည်းနှင့် ပြည်သူ့နီတိစာအုပ်များကို ကျောင်းအုပ် ဆရာကြီး ဦးစံလွင်ထံ ပေးအပ်လှူဒါန်းခဲ့သည်။ ထို့နောက် မိတ္ထီလာမြို့နယ် ပညာရေးမှူး ဦးသိန်းထွန်းဦးက ကျောင်းအဆင့်တိုးမြှင့်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့ရာ ကျေးရွာရပ်မိရပ်ဖ ဦးအောင်လွင်က ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့် အဖွဲ့အား အခြေခံပညာအလယ်တန်းကျောင်း အဆင့်တိုးမြှင့်ခြင်းဆိုင်ရာ အထိမ်းအမှတ်အလံ ပေးအပ်ခဲ့သည်။
အဆိုပါ အခြေခံပညာအလယ်တန်းကျောင်းသို့ ရှမ်းမငယ်တိုက်နယ်အတွင်းရှိ ညောင်လည်၊ ဂတ်ကုန်း၊ သပြေကုန်း၊ အတက်မြင့်၊ ဂွေးကုန်း၊ ဝါးရုံစု၊ ကံဦး၊ သစ်ဆိမ့်ပင်၊ သီးပင်ခင်၊ ညောင်ကန်းကျေးရွာများမှ ကျောင်းသားကျောင်းသူ (၂၅၅) ဦး တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)


