မလှိုင် ၂၇ ဇူလိုင် 

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့၊ အမှတ်(၄) ရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၊ ကျောင်းဆောင်သစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက အဆိုပါကျောင်းဆောင်သစ်ရှေ့၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်  ဌာနဆိုင်ရာများ၊ ကျောင်းကော်မတီဝင်များ၊ ဒေသခံပြည်သူများ၊ ဆရာ/မများနှင့် ကျောင်းသား/သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အခမ်းအနား၌ သဇင်ဆောင် စာသင်ကျောင်းဆောင်သစ်ကို မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်၊ မန္တလေးတိုင်းဒေသကြီး ပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်သန်းမြင့်၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးလှထွန်းအောင်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသော  ဦးချစ်မင်းသိန်းနှင့် ဒေါ်သီတာငြိမ်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ကျောင်းဆောင်သစ်ကို လှည့်လည်ကြည့်ရှုခဲ့ကြသည်။

ယင်းနောက် အမှတ်တရ ဓါတ်ပုံများရိုက်ကူးပြီး ဖွင့်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က အဖွင့်အမှာစကားပြောကြားကာ ကျောင်းဝတ်စုံနှင့် အားကစားပစ္စည်းများကို ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းနုထံ ပေးအပ်ခဲ့သည်။ ဆက်လက်၍ အလှူငွေများ လှူဒါန်းပေးပါသော Third Party (QC) အဖွဲ့အား ကျောင်းကော်မတီဝင် ဦးမျိုးဝင်းက ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

 

mdn

 

သဇင်ဆောင် ကျောင်းဆောင်သစ်မှာ သွပ်မိုး၊ အုတ်ကာ၊ ကွန်ကရစ်ခင်းဖြစ်၍ စာသင်ခန်း (၃) ခန်းပါရှိပြီး အလျား (၁၀ဝ) ပေ၊ အနံ (၃၀) ပေ၊ အမြင့် (၁၂) ပေရှိ အဆောက်အဦးဖြစ်သည်။ ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ် ငွေလုံးငွေရင်း ခွင့်ပြုငွေ ကျပ်သိန်း (၃၆၀)၊ အလှူရှင်များ၏ ထည့်ဝင်ငွေများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ခြင်းဖြစ်ပြီး ခန့်မှန်းကုန်ကျငွေ ကာလတန်ဖိုးငွေ ကျပ် (၅၅၅) သိန်းရှိကြောင်း သိရသည်။

အောင်ဌေး(မလှိုင်)