ရန်ကုန် ၂၈ ဇူလိုင်
သမိုင်းဝင် ရှေးဟောင်းအဆောက်အဦးများကို လေ့လာကြည့်ရှုနေကြသည့် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ လေ့လာရေးအဖွဲ့ (Cultural Heritage Initiative Tour) သည် ဇူလိုင် ၂၇ ရက် နံနက်က အဖွဲ့ဝင်ဦးရေ ၃၀ လိုက်ပါ၍ ရန်ကုန်မြို့ ဒဂုံမြို့နယ်ရှိ ရှေးဟောင်းသမိုင်းဝင် အထင်ကရနေရာများကို သွားရောက်လေ့လာကြရာ တာဝန်ရှိသူတို့က ရှင်းလင်းပြောကြားသည်။
လေ့လာရေးအဖွဲ့ ဦးဆောင်စီမံခန့်ခွဲသူ ရန်ကုန်တက္ကသိုလ် မနုဿဗေဒ ဒုတိယနှစ်ဂုဏ်ထူးတန်း ကျောင်းသား လင်းခန့်ထယ်က ယခင်ကရောက်ဖူးခြင်းမရှိသည့် နေရာများကို သွားရောက်လေ့လာခြင်းဖြစ်ကြောင်း၊ ကိုကွယ်သည့်ဘာသာ မတူညီကြသည့် အထင်ကရနေရာများကို သွားရောက်လေ့လာရသဖြင့် ဗဟုသုတများစွာရရှိကြောင်း၊ မြန်မာနိုင်ငံ၏ မျိုးချစ်ပုဂ္ဂိုလ် ဆရာကြီးသခင်ကိုယ်တော်မှိုင်း ဂူဗိမာန်၊ သူတော်စင်ကဗျာဆရာမ ဂိုအင်ပါယာ၊ ဘုရင် ဇဗာရ်ရှားဘုရင်ဂူဗိမာန်နှင့် ခရစ်တော်ကို မျှော်လင့်သော သတ္တမနေ့အသင်းတော်တို့ကို လေ့လာကြည့်ရှုခွင့်ရသဖြင့် များစွာဗဟုသုတရကြောင်း ပြောသည်။
ဆက်လက်၍ ဒဂုံတက္ကသိုလ် နိုင်ငံတကာဆက်ဆံရေးပညာ တတိယနှစ်ကျောင်းသူ စုမြတ်အောင်က ဘာသာလူမျိုး မတူညီသော်လည်း ယဉ်ကျေးဖော်ရွေမှုဖြင့် မိတ်ဆွေအဖြစ် ဆက်ဆံနိုင်ပါက ငြိမ်းချမ်းမှုကိုခံစားရပြီး ကြည်ညိုလေးစားမှုကို ဖြစ်ပေါ်စေနိုင်ကြောင်း ပြောသည်။
ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်များ လေ့လာရေးအဖွဲ့တွင် တက္ကသိုလ်ကျောင်းသား ကျောင်းသူအများစု ပါဝင်ပြီး ၂၀၁၈ ခုနှစ် ဖေဖေါ်ဝါရီလတွင် ဖွဲ့စည်းခဲ့ကြောင်း၊ ရန်ကုန်မြို့ရှိ ရှေးဟောင်းအမွေအနှစ်နေရာ (၃၀) တို့ကို သွားရောက်လေ့လာခဲ့ပြီး မြန်မာနိုင်ငံအနှံ့ သွားရောက်လေ့လာရန် အစီအစဉ်ရှိကြောင်း သိရှိရသည်။
အောင်သူရ


