စဉ့်ကူး ၂၈ ဇူလိုင်

မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့သည် မြို့နယ်အတွင်းကျေးရွာများသို့ ကွင်းဆင်းသွားရောက်ကာ ကျေးရွာပြည်သူများအား ဥပဒေဆိုင်ရာဗဟုသုတများ တိုးပွားစေရန်နှင့် ဥပဒေဆိုင်ရာ အထောက်အကူပေးရေးနှင့် စပ်လျဉ်းသည့် သိမှတ်ဖွယ်ရာများကို ဇူလိုင် ၂၇ ရက် မွန်းလွဲ ၁ နာရီက မာလဲကျေးရွာ ရွှေမာလဲဓမ္မာရုံ၌ အသိပညာပေးဟောပြောသည်။

ရှေးဦးစွာ မြို့နယ်ဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့အတွင်းရေးမှူး ဒေါ်ထားအိစံက မိတ်ဆက်စကားနှင့် ဥပဒေဆိုင်ရာသိကောင်းစရာများ၊ အဖွဲ့ဝင် ဦးမင်းနိုင်မှ ဥပဒေဆိုင်အထောက်အကူပေးရေးနှင့် စပ်လျဉ်းသည့် သိမှတ်ဖွယ်ရာများကို ဆွေးနွေးဟောပြောကြသည်။

ထို့နောက် တက်ရောက်လာကြသူများမှ မိမိတို့သိရှိလိုသည့် ဥပဒေဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးမေးမြန်းကြရာ သက်ဆိုင်ရာတာဝန်ရှိတို့က ပြန်လည်ရှင်းလင်း ဖြေကြားကြသည်။ ယင်းနောက် မေးကြမယ် ဖြေကြမယ် အစီအစဉ်ပြုလုပ်ကာ ဆွေးနွေးဟောပြောခဲ့သည့် ဥပဒေဆိုင်ရာဗဟုသုတများနှင့် ပတ်သက်၍ မှန်ကန်စွာဖြေကြားနိုင်သူ (၅)ဦးအား ဆုလက်ဆောင်ပစ္စည်းများပေးအပ်ခဲ့ပြီး တက်ရောက်လာသူများအား "ဥပဒေအထောက်အကူ တောင်းခံခွင့်ရှိသူများနှင့် လူကုန်ကူးမှုဆိုင်ရာများ" ပါဝင်သည့် သိမှတ်ဖွယ်ရာ လက်ကမ်းစာစောင်များ ပေးဝေခဲ့ကြောင်း သိရသည်။

မင်းဇော်ဦး(ပြန်/ဆက်)