ငဖဲ ၂၈ ဇူလိုင်
မင်းဘူးခရိုင်၊ ငဖဲမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် ၂၀၁၉ ခုနှစ်ကို မဲဆန္ဒရှင်စာရင်း ပြုစုသည့်နှစ်အဖြစ် သတ်မှတ်ဆောင်ရွက်လျက်ရှိရာ လူဦးရေစာရင်း အချက်အလက်များကို ဇူလိုင် ၂၂ ရက်မှစ၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် တစ်ပြိုင်နက် ကောက်ယူလျက်ရှိကြောင်း သိရသည်။
ထို့သို့ လူဦးရေစာရင်း ကောက်ယူရာတွင် ငဖဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးဆန်းထွန်း၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးညွန့်မြင့်နှင့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင်များ ကြီးကြပ်၍ ပူးပေါင်းအဖွဲ့များက မြို့ပေါ် နှစ်ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၃၁ အုပ်စုရှိ ကျေးရွာများတွင် ၂၀၂၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲအတွက် အခြေခံ မဲဆန္ဒရှင်စာရင်း ပြုစုနိုင်ရေးအတွက် လူဦးရေစာရင်း ပြည့်စုံမှန်ကန်စွာရရှိရေး ကောက်ယူခဲ့ခြင်း ဖြစ်သည်။
၂၀၁၉ ခုနှစ်၊ ဇူလိုင်လအတွင်း ရပ်/ကျေးအုပ်ချုပ်ရေးမှူးများနှင့် စာရေးများ၊ ပညာရေးဌာန၊ ကျန်းမာရေးဌာနမှ ဆရာ၊ ဆရာမများ ပါဝင်သော အဖွဲ့များအား အခြေခံ မဲဆန္ဒရှင်စာရင်း ပြုစုနိုင်ရေးအတွက် လူဦးရေစာရင်း ကောက်ယူခြင်းဆိုင်ရာ သင်တန်းပေးခဲ့ပြီး သြဂုတ်လကုန်အထိ အပြီးသတ် ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။
မယု(ငဖဲ)


