မြစ်ကြီးနား ၂၈ ဇူလိုင်
ကချင်ပြည်နယ် မြစ်ကြီးနားမြို့ ပြန်လည်ထူထောင်ရေးစခန်း၌ စခန်းအခြေပြု မူးယစ်ဆေးဖြတ် ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်း (၂/၂၀၁၉)ကို ယနေ့ နံနက်ပိုင်းတွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်ပွဲတွင် ပြည်နယ် အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဦးနေဝင်းက မူးယစ်ဆေးဝါးပြဿနာကို အားလုံးဝိုင်းဝန်း လက်တွဲ၍ ပူးပေါင်းဆောင်ရွက်ရေး၊ မူးယစ်ဆေးဝါး သုံးစွဲသူများကို ပုံမှန်လူမှုဘဝ အသိုက်အဝန်း ပတ်ဝန်းကျင်ထဲကို ပြန်လည်ရောက်ရှိလာအောင် အားလုံးဝိုင်းဝန်း ဆောင်ရွက်ကြရေး တိုက်တွန်းမှာကြားခဲ့သည်။
ထို့နောက် သင်တန်းအတွက် ဆန်၊ ဆီ၊ ကုလားပဲ စသည့် စားသောက်ကုန် ပစ္စည်းများနှင့် သင်တန်းအတွက် လိုအပ်သော အသုံးအဆောင်ပစ္စည်းများ ထောက်ပံ့လှူဒါန်းပေးကြသည့် လူမှုရေး အဖွဲ့အစည်းများနှင့် အလှူရှင်များကို ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့သည်။
အဆိုပါ စခန်းအခြေပြု မူးယစ်ဆေးဖြတ် ကုသရေးနှင့် ပြန်လည်ထူထောင်ရေးသင်တန်းကို ဇူလိုင် ၂၈ ရက်မှ အောက်တိုဘာ ၂၅ ရက်အထိ သင်တန်းသား ၂၀ ဦးအား ကျန်းမာရေးဦးစီးဌာန၊ မြစ်ကြီးနား မူးယစ်ဆေးရုံနှင့် SARA တို့မှ ကုသရေးလုပ်ငန်းများအပြင် သက်မွေးသင်တန်းများဖြစ်သည့် ဆိုင်ကယ်ပြုပြင်ရေးသင်တန်း၊ ကောက်ရိုးမှိုနှင့် ငွေနှင်းမှို စိုက်ပျိုးနည်းသင်တန်းများကို သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
(ပြည်နယ် ပြန်/ဆက်)


