မြိတ် ၂၈ ဇူလိုင်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့ လေးကျွန်းဆီမီးစေတီတော်တွင် မြိတ်ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ စေတနာရှင် အလှူရှင်များ စုပေါင်း၍ တတိယအကြိမ်မြောက် ဝါဆိုသင်္ကန်းနှင့် ဆန်၊ ဆီ၊ ဆေး၊ ဆား (ပစ္စည်း လေးပါး) ဆက်ကပ်လှူဒါန်းပွဲကို ဇူလိုင် ၂၇ ရက် နံနက်(၉)နာရီက စေတီတော် ဗုဒ္ဓသာသနာ့ဗိမာန်တွင် ကျင်းပသည်။
အခမ်းအနား မစတင်မီ သာသနာ့ဗိမာန်အတွင်း ကိန်းဝပ်စံပယ်တော်မူလျက်ရှိသည့် ဗုဒ္ဓရုပ်ပွားတော် မြတ်ကြီးအား ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ် သောင်းထိုက်ရွှေနှင့် မြိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်ဦးတို့က ရွှေကြာသင်္ကန်း ကပ်လှူပူဇော်ခဲ့ကြသည်။
ထို့နောက် ဝါဆိုသင်္ကန်းနှင့် ဆန်၊ ဆီ၊ ဆေး၊ ဆား (ပစ္စည်းလေးပါး) ဆက်ကပ်လှူဒါန်းပူဇော်ပွဲကို တက်ရောက်လာကြသော ဆရာတော်၊ သံဃာတော်များနှင့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ(၃)ကြိမ် ရွတ်ဆိုဘုရား ကန့်တော့၍ ဖွင့်လှစ်ခဲ့ကြပြီး ဧည့်ပရိတ်သတ်အပေါင်းတို့က နိုင်ငံတော်သြဝါဒစရိယ အဂ္ဂမဟာ ပဏ္ဍိတ ဘဒ္ဒန္တ လာသန လှည်းဘီးပရိယတ္တိ စာသင်တိုက်ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြကာ သံဃာတော် အရှင်သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူခဲ့ကြသည်။
ဆက်လက်၍ ဆရာတော်ကြီးများနှင့် သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် ဆန်၊ ဆီ၊ ဆေး၊ ဆား (ပစ္စည်းလေးပါး)၊ နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြပြီး သီလရှင်များအား သီလရှင်ဝတ်စုံနှင့် ဆန်၊ ဆီ၊ ဆေး၊ ဆား (ပစ္စည်း လေးပါး)၊ နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ယင်းနောက် တနင်္သာရီတိုင်းဒေသကြီး သံဃနာယကအဖွဲ့ဥက္ကဌ အဂ္ဂမဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တ နာရဒ မော်တောင် ပရိယတ္တိစာသင်တိုက် ဆရာတော်ထံမှ အနုမောဒနာတရား နာယူခဲ့ကြ၍ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံ တိဌတု(၃) ကြိမ်ရွတ်ဆိုဆုတောင်းပြီး ရုပ်သိမ်းခဲ့ကြသည်။
အခမ်းအနားတွင် မြိတ်ခရိုင်/မြို့နယ်ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင်များ စုပေါင်း၍ သံဃာတော် (၂၂၇)ပါး၊ သီလရှင်(၁၈)ပါးတို့အား ပင့်ဆောင်၍ စုစုပေါင်းတန်ဖိုး(၁၅၅၃၉၂၀ဝ)ကျပ်တန်ဖိုးရှိ ဝါဆိုသင်္ကန်းနှင့် ဆန်၊ ဆီ၊ ဆေး၊ ဆား (ပစ္စည်း လေးပါး) ဆက်ကပ်လှူဒါန်းပူဇော်ခဲ့ကြသည်။ အခမ်းအနားအပြီးတွင် ဆရာတော် သံဃာတော်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်း၍ ဧည့်ပရိတ်သတ်အပေါင်းတို့အား နေ့လယ်စာဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြောင်း သိရသည်။
ခိုင်ထူး (မြိတ် ပြန်/ဆက်)


