စစ်တွေ ၂၈ ဇူလိုင်
ရခိုင်ပြည်နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ထိန်းသိမ်းထားသော ရေလှောင်တမံ ၁၃ ခုတွင် သဘာဝဘေးအန္တရာယ်တစ်ရပ်ရပ်ကြောင့် ကျိုးပေါက်မှု မဖြစ်ပေါ်စေရေးနှင့် အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါကလည်း တမံအောက်ဘက်ရှိ ပြည်သူများ၏ အသက်အိုးအိမ်၊ စည်းစိမ်များ ထိခိုက်မှုလျော့ပါးသက်သာစေရန်အတွက် ဒေသဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့အစည်းများ၊ သက်ဆိုင်သည့် ဌာနဆိုင်ရာများပူးပေါင်း၍ ကြိုတင်စီမံဆောင်ရွက်နိ်ုင်ရန် ရေလှောင်တမံ တစ်ခုချင်းစီအလိုက် အရေးပေါ်အခြေအနေ ကြိုတင်စီမံခန့်ခွဲမှု စီမံချက်များရေးဆွဲ ဆောင်ရွက်ထားရှိပြီး ဖြစ်ကြောင်း ပြည်နယ်ဆည်မြောင်းနှင့် ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ သိရသည်။
ရေလှောင်တမံတစ်ခုချင်းအလိုက် အရေးပေါ်အခြေအနေဖြစ်ပေါ်လာပါက ကြိုတင်စီမံခန့်ခွဲမှုကို အဆင့်(၃)ခုဖြင့် သတ်မှတ်ဆောင်ရွက်ထားရှိကာ ရေပိုလွှဲမှ ရေကျော်လာသည်နှင့် အရေးပေါ်အခြေအနေ အဆင့် (၁) သတ်မှတ်ထားပြီး ရေပိုလွှဲမှ ရေစတင် မကျော်သော်လည်း တမံကိုယ်ထည်၏ အပြင်ဖက်အပိုင်းမှ ရေစိမ့်ထွက်သည့် ဧရိယာအသစ်များ ဖြစ်ပေါ်ခြင်း၊ တမံထိပ်မျက်နှာပြင်၊ အတွင်းဘက်နှင့် အပြင်ဘက်ဆင်ခြေလျှောများ လျှောကျခြင်း၊ တမံနှင့် မိုင် (၅၀) ပတ်လည်ဧရိယာအတွင်း ငလျင်လှုပ်ခတ်မှု ဖြစ်ပေါ်ခြင်း၊ အဖျက်အမှောင့်လုပ်ရပ်တစ်ခုခုကြောင့် တမံနှင့် ဆက်စပ်ရေအား အဆောက်အအုံများ ထိခိုက်ပျက်စီးမှု ဖြစ်ပေါ်ခဲ့သော်လည်း တမံ၏ ကြံ့ခိုင်လုံခြုံမှုအား စိုးရိမ်ဖွယ်ရာ မရှိခြင်းတို့ ဖြစ်ပေါ်လာပါကလည်း အရေးပေါ်အခြေအနေ အဆင့်(၁) အဖြစ် သတ်မှတ်ထားကြောင်း၊ ရေပိုလွှဲမှ ရေကျော်ကျမှု ဆက်လက်မြင့်တက်လာပြီး မူလဒီဇိုင်းပြုသတ်မှတ်ထားသည့် ရေကြီးမှု အမြင့်ဆုံးအမှတ်သို့ ရောက်ရှိကာ တမံအောက်ဘက် ဒေသများ ရေကြီးမှု ဖြစ်ပေါ်နိုင်လျှင် အရေးပေါ်အခြေအနေ အဆင့် (၂) အဖြစ် သတ်မှတ်ပြီး ရေပိုလွှဲမှ ရေကျော်စီးထွက်နေမှုမှာ မူလဒီဇိုင်းပြု သတ်မှတ်ထားသည့် ရေကြီးမှုအမြင့်ဆုံး အမှတ်ထက်ကျော်လွန်ကာ ရေပိုလွှဲအဆောက်အအုံ ကျိုးပေါက်ပျက်စီးစေနိုင်သည့် အခြေအနေဖြစ်ပေါ်လာလျှင် အရေးပေါ်အခြေအနေ အဆင့် (၃)အဖြစ် ပိုင်းခြားသတ်မှတ်ထားကြောင်း ရခိုင်ပြည်နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေး ဦးစီးဌာနမှ ညွန်ကြားရေးမှူး ဦးကျော်နိုင်ဦးက ပြောသည်။
အရေးပေါ်အခြေအနေ အဆင့် (၁) ဖြစ်ပေါ်လာပါက ပြည်သူများသို့ ဆက်သွယ်အသိပေးသွားမည်ဖြစ်ပြီး အများပြည်သူများ မြင်သာသောနေရာနှင့် ကျေးရွာ/ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးများတွင် အစိမ်းရောင် အလံလွှင့်ထူသွားမည်ဖြစ်ကြောင်း၊ အရေးပေါ် အခြေအနေ အဆင့်(၂) ဖြစ်ပေါ်လာပါက အဝါရောင် အလံလွှင့်ထူခြင်းနှင့် အရေးပေါ် အခြေအနေ အဆင့် (၃) ဖြစ်ပေါ်လာပါက အနီရောင် အလံလွှင့်ထူခြင်း၊ အသံချဲ့စက်များဖြင့် လှည့်လည်ကြေညာခြင်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောသည်။
ယခုအခါတွင် ရခိုင်ပြည်နယ် သံတွဲခရိုင်အတွင်းရှိ ငပလီရေလှောင်တမံ၊ ကမ်းသာယာရေလှောင်တမံ၊ ကြိုးကြာကွင်းရေလှောင်တမံ၊ ရဟိုင်ကွင်းရေလှောင်တမံနှင့် ဇီးဖြူကုန်းရေလှောင်တမံများတွင် ရေပိုလွှဲများမှ ရေကျော်လျက်ရှိသဖြင့် တမံအောက်ခြေရှိ ပြည်သူများသို့ အရေးပေါ်အခြေအနေ ကြိုတင်စီမံဆောင်ရွက်ပုံ၊ ဆောင်ရွက်နည်းစနစ်များကို တာဝန်ရှိသူများက လိုက်လံရှင်းလင်းပြသပြီး လက်ကမ်းစာစောင်များပေးဝေကာ သက်ဆိုင်ရာ တမံတာဝန်ခံ၊ ဆည်တမံလုံခြုံမှု စစ်ဆေးသူနှင့် ကျေးရွာအုပ်ချုပ်ရေးမှူးများ၏ ဖုန်းနံပါတ်များကိုလည်း အချိန်မရွေး ဆက်သွယ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
တင်မောင်လွင်၊ ဓာတ်ပုံ-ကိုသွင်


