ရန်ကုန်  ၂၈   ဇူလိုင် 


ပညာရေးဝန်ကြီးဌာနနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ယက်တို့ ပူးပေါင်းဆောင်ရွက်သည့် ကျောင်းပြင်ပ ပညာရေး အရောက်သင် အသက်မွေးဝမ်းကျောင်း ပညာသင်ကြားရေး မိတ်ဆက်အစီအစဉ် အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ ဒဂုံမြို့သစ်(တောင်ပိုင်း) ရန်ကုန်စည်ပင်သာယာ ရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ သိမ်ကျောင်းဝန်ထမ်းအိမ်ယာ၌ ကျင်းပသည်။


ရှေးဦးစွာ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညီညီက အခမ်းအနားကျင်းပရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။


ထို့နောက် ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးက ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းတက်ပညာသင်ယူခြင်းကိုသာ အားပေးလိုပါကြောင်းနှင့် ကျောင်းမထွက်ကြစေလိုကြောင်း၊ ကျောင်းသုံးဖတ်စာအုပ်များကို စနစ်တကျအသုံးပြုကြ၍ Grade-3 တက်ရောက်ပြီးပါက စာဖတ်တတ်၊ ရေးတတ်၊ တွက်တတ်ရန် အရေးကြီးပါကြောင်း၊ ကျောင်းသား ကျောင်းသူ ကလေးငယ်များအနေဖြင့် အိမ်စာမှန်မှန်လုပ်ရန်လိုအပ်ပြီး လိမ်လိမ်မာမာနှင့် မိဘကိုကူညီကြရမည် ဖြစ်ပါကြောင်း၊ တစ်ယောက်နှင့်တစ်ယောက် ကူညီရိုင်းပင်းကြရမည်ဖြစ်ပြီး မိမိတို့၏အလုပ်ကို အကောင်းဆုံးကြိုးစား ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ မူလတန်းပညာသင်ယူပြီးမြောက်ပါက အလယ်တန်းပညာ ဆက်လက်သင်ယူရမည်ဖြစ်ပြီး  အလယ်တန်းပညာသင်ယူပြီးမြောက်ပါက အထက်တန်းပညာ ဆက်လက်သင်ယူရမည်ဖြစ်ပါကြောင်း၊ အထက်တန်းပညာ သင်ယူပြီးမြောက်ပါက အသက်မွေးဝမ်းကျောင်းဆိုင်ရာ ပညာရပ်များကို ဆက်လက်လေ့ကျင့်၍ တစ်သက်တာသင်ယူမှု အခွင့်အလမ်းများကိုလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။


ယင်းနောက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအေးနိုင်က ကျေးဇူးတင်စကား ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများက အလှူရှင်များကပံ့ပိုးပေးသည့် ကျောပိုးလွယ်အိတ်များ၊ ဗလာစာအုပ်များနှင့် ခဲတံများကို ကျောင်းသား ကျောင်းသူများအား ပေးအပ်ခဲ့ကြသည်။


ဒဂုံမြို့သစ်(တောင်ပိုင်း) ရန်ကုန်စည်ပင်သာယာရေးကော်မတီ၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းရေးဌာန၊ သိမ်ကျောင်းဝန်ထမ်းအိမ်ယာ၌ အိမ်ထောင်စု(၉၀)ခန့် နေထိုင်ကြပြီး KG တန်းမှ တက္ကသိုလ်ဝင်တန်းအထိ ပညာသင်ကြားနေသော ကျောင်းသား ကျောင်းသူ စုစုပေါင်း(၉၅)ဦး ရှိကြောင်း သိရသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဒဂုံမြို့သစ် (တောင်ပိုင်း)၌ ဆောက်လုပ်လျက်ရှိသည့် စက်မှုလက်မှုသိပ္ပံကျောင်းများ တည်ဆောက်ရေးလုပ်ငန်း ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုခဲ့ကြပြီး လုပ်ငန်းခွင်လုံခြုံမှုရှိရေးနှင့် အရည်အသွေးကောင်းမွန်ရေး၊ အချိန်မီတည်ဆောက်ပြီးစီးရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးအထောက်အကူပြုမည့် သက်မွေးပညာ သင်တန်းများ ဖွင့်လှစ်နိုင်ရေး စသည်တို့အား မှာကြားခဲ့ကြောင်း သတင်းရရှိသည်။ 


(သတင်းစဉ်)

 

4