မြိတ် ၂၈ ဇူလိုင်
တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် အနယ်နယ်အရပ်ရပ်မှ တရားဘာဝနာပွားများ အားထုတ်လိုသူများအတွက် သဘာဝတရားရိပ်သာကို တည်ဆောက်မည်ဖြစ်ကြောင်း တရားရိပ်သာ ကုသိုလ်ဘဏ်ဖြစ်မြောက်ရေးအဖွဲ့မှ သိရသည်။
မြိတ်သဘာဝတရားရိပ်သာကို စန္ဒဝတ်ကျေးရွာအုပ်စုရှိ ဖနုန်းစုံ ရွှေနတ်တောင် စေတီတော် တောင်ခြေရှိ မြေ(၁၀)ဧကကျော်တွင် တည်ဆောက်ရန် လျာထားလျက်ရှိကြောင်း၊ သဘာဝ တရားရိပ်သာ တည်ဆောက်ရန်အတွက် ဦးကျော်ဝင်းထွန်း(ခ)ဦးဂျူအင် ( မြိတ်ပရဟိတယောကျာ်းလေးများဂေဟာ ဦးစီးတည်ထောင်သူ ) မိသားစုက ကျပ်သိန်း(၁၀ဝ၀) မတည်လှူဒါန်းထားပြီး စေတနာရှင် အလှူရှင်များမှ အလှူငွေများလှူဒါန်းလျက်ရှိကြောင်း အကျိုးဆောင်အဖွဲ့မှ သိရသည်။
မြိတ်သဘာဝ တရားရိပ်သာတည်ဆောက်ရေးအတွက် သန်လျင်သဘာဝတရားရိပ်သာနှင့် ပရဟိတကုသိုလ်ဘဏ်များ၏ ဦးစီးပဓာန နာယက ဆရာတော် အရှင်ဥတ္တမသာရသည် ဇူလိုင်လ(၂၅)ရက်နေ့တွင် ကြွရောက်ခဲ့သည်။ ဆရာတော်သည်မြိတ်မြို့သို့ရောက်ရှိစဉ် သံဃာတော်များ၊ သီလရှင်များ၊ ရာသက်ပန်ယောဂီ (၇၈)ပါးတို့ဖြင့် ပိတောက်ရွှေဝါလမ်း၊ ပြည်သာယာလမ်း၊ သီဟဇေယျာ(မြို့သစ်)ဈေး အပြင်လမ်းနှင့် ဈေးအတွင်းတွင် တန်းဆွမ်းအလှူခံရာ လမ်းတစ်လျှောက် စေတနာရှင်များမှ ဆွမ်းဆန်တော်နှင့် လှူဖွယ်ပစ္စည်းများ လောင်းလှူကုသိုလ်ယူကြသည်။
မြိတ်သဘာဝတရားရိပ်သာ တည်ဆောက်မည့် ဖနုန်းစုံ ရွှေနတ်တောင်စေတီတော် တောင်ခြေရှိ မြေဧကအား ဆရာတော်နှင့်အဖွဲ့မှ သွားရောက်ကြည့်ရှုခဲ့ပြီး ဖနုန်းစုံ ရွှေနတ်တောင်စေတီတော်အား ဖူးမျှော်ခဲ့ကြသည်။ ထိုနောက် ဆရာတော်သည် နောက်လယ်ရပ်ကွက်ရှိ အောင်ချမ်းသာဓမ္မာရုံတွင် မြိတ်သဘာဝ တရား ရိပ်သာ ကုသိုလ်ဘဏ်ဖြစ်မြောက်ရေးအဖွဲ့မှ ကျင်းပသည့် ဓမ္မပူဇာသဘင်တွင် တရားနာဧည့်ပရိတ်သတ်များကို တရားဒေသနာတော်များ ချီးမြှင့်ဟောကြားသည်။
ထိုနောက် ဓမ္မပူဇာသဘင်တွင် မြိတ်သဘာဝတရားရိပ်သာ တည်ဆောက်ရန်အတွက် စေတနာရှင် အလှူရှင်များ လှူဒါန်းမှုများကို အခမ်းအနားမှူးက ဖတ်ကြားကြေညာပေးခဲ့သည်။ ဆက်လက်၍ ဓမ္မပူဇာသဘင်အတွက် တရားနာဧည့်ပရိတ်သတ်များ လှူဒါန်းကြသည့် နဝကမ္မဝတ္ထုငွေများကို အလှူရှင်များကိုယ်စား အလှူရှင်တစ်ဦးမှ ဆရာတော်၏ အကျိုးတော်ဆောင်အား လှူဒါန်းသည်။ ယင်းနောက် လှူဒါန်းမှုအစုစုအတွက် အနုမောဒနာတရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။
ခိုင်ထူး ( မြိတ် ပြန်/ဆက် )


