မြင်းခြံ  ၂၈  ဇူလိုင် 


သွေးသည်အသက်၊ အသက်သည်သွေး ဟူ၍ အရေးကြီးသည့်အဆိုနှင့်အညီ လူသားများအားလုံး၏ ခန္ဓာကိုယ်တွင် မရှိမဖြစ်ပါဝင်သည့် သွေးကိုလိုအပ်သောနေရာများ လှူဒါန်းပေးခြင်းဖြင့် လှူဒါန်းသူများလည်း ကုသိုလ်ရ၍ လိုအပ်သူများလည်း အသက်ရှင်သန်ခွင့်ရရှိကြသည်။ ထိုအကျိုးကျေးဇူးများသော သွေးလှူ သည့်လုပ်ငန်းကို မြင်းခြံမြို့ ဧရာဝတီသွေးလှူရှင်အသင်းမှ မြို့နယ်အတွင်းရှိ သွေးလှူဒါန်းမည့်သူများကို ဖိတ်ကြား၍ စုပေါင်းသွေးလှူဒါန်းခြင်းကို ဇူလိုင်လ(၂၈)ရက် ၊ နံနက်(၉)နာရီ အချိန်ကစတင်ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။


မြင်းခြံမြို့ ဧရာဝတီသွေးလှူရှင်အသင်း ဥက္ကဋ္ဌ ဦးနီကလည်း မိမိတို့အသင်းတည်ထောင်ခဲ့သည့် (၇)နှစ်ကျော်ကာလအတွင်း မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး သွေးလှူဘဏ်သို့  ( ၁၃ ) ကြိမ်သွေး အိတ်ပေါင်း(၄၁၁၅)အိတ် လှူဒါန်းပြီးဖြစ်ကြောင်း၊ မြင်းခြံမြို့ပေါ်တွင် သွေးလှူရှင်ပေါင်း(၃၀ဝ၀)ကျော်ရှိကြောင်း၊ အသင်းအနေဖြင့် ဆင်းရဲနွမ်းပါးသူလူနာများကို ဆေးကူညီမှုများပေးခြင်း၊ အောက်ဆီဂျင်လိုအပ်သူများကို အခမဲ့ ကူညီပေးခြင်း စသည်တို့ကိုဆောင်ရွက်ပေးလျှက်ရှိကြောင်း ပြောပြခဲ့သည်။


မြင်းခြံမြို့သို့ သွေးအလှူခံရောက်ရှိလာသည့် မန္တလေးအထွေထွေရောဂါကုဆေးရုံကြီး သွေးလှူဘဏ်မှ ဒေါ်သန္တာမြင့်(ဆေးလူမှုဆက်ဆံရေးအရာရှိ) ကလည်း မိမိတို့အဖွဲ့တွင် ဒေါက်တာဒေါ်ခင်မြမွန်(ရောဂါဗေဒဆရာဝန်ကြီး) ဦးဆောင်၍ ဆရာဝန်(၃)ဦးနှင့် ဆေးဝန်ထမ်း(၃၀)ဦးတို့ဖြင့် သွေးစစ်၊ သွေးဖောက်ခြင်းများလာရောက် ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ ယခုလိုသွေးလှူဒါန်းပေးခြင်းအတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောပြခဲ့သည်။ 


ဧရာဝတီသွေလှူရှင်အသင်း၏ (၁၄)ကြိမ်မြောက် လှူဒါန်းပွဲတွင် မြင်းခြံမြို့နယ်ရှိကျေးရွာ (၁၉)ရွာ၊ တောင်မြို့နယ်မှကျေးရွာ(၂)ရွာနှင့် နွားထိုးကြီးမြို့နယ်မှ ကျေးရွာ(၁)ရွာ စုစုပေါင်း (၂၂)ရွာမှ လာရောက်လှူဒါန်းသူပေါင်း (၈၀ဝ)ကျော်တွင် သွေးလှူဒါန်းခွင့်ရရှိသူ(၅၃၇)ဦးဖြစ်ပြီး ဧရာဝတီသွေလှူရှင်အသင်းမှ မန္တလေး အထွေထွေရောဂါကုဆေးရုံကြီး သွေးလှူဘဏ်သို့ (၅၃၇) အိတ်ကိုပေးအပ်လှူဒါန်းနိုင်ခဲ့ကြောင်း သိရှိရသည်။ 


ဇော်မင်းနိုင် (မြင်းခြံ)