ရန်ကုန် ၂၈ ဇူလိုင်
တိပိဋကပုလဲရောင်ရှိန်စာသင်တိုက် ဆရာတော်၊ ၁၁ ပါးမြောက် တိပိဋကဓရ ဓမ္မဘဏ္ဍာဂါရိကဘဒ္ဒန္တဣန္ဒပါလ၏ ဝိဇာတပူဇာ မွေးနေ့အလှူတော်မင်္ဂလာ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ ၄၅ မိနစ်က ရန်ကုန်မြို့ မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်ရှိ အဆိုပါစာသင်တိုက်၌ ကျင်းပသည်။
ရှေးဦးစွာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ မန္တလေးမြို့ ဗန်းမော် ကျောင်းတိုက် ဆရာတော် အဘိဓဇမဟာရဋ္ဌဂုရုအဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက ဒေါက်တာ ဘဒ္ဒန္တကုမာရာဘိဝံသထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက် တည်ကြသည်။
ထို့နောက် ဆရာတော် သံဃာတော်များကမေတ္တသုတ်ပရိတ်တရားတော်များ ရွတ်ပွားချီမြှင့်တော်မူကြပြီး ဧည့်ပရိသတ်များက ဆရာတော် သံဃာတော်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
ဆက်လက်၍ အလှူရှင်များက အလှူငွေများနှင့် တိပိဋကစက္ခုပါလ မျက်စိ ဆေးခန်းမှ မျက်စိဆရာဝန်ကြီးများနှင့် သူနာပြုများအတွက် ဝတ်စုံများကို ပေးအပ် လှူဒါန်းကြရာ တာဝန်ရှိသူများက လက်ခံပြီးဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည် ပေးအပ်ကြသည်။
ထို့နောက် မော်ကျွန်းဆရာတော် ရွှေရတုတိပိဋကဓရ၊ ဓမ္မဘဏ္ဍာဂါရိက ဘဒ္ဒန္တသီလက္ခန္တာဘိဝံသ က အနုမောဒနာတရားမြွက်ကြားတော်မူပြီး တိပိဋကပုလဲ ရောင်ရှိန် စာသင်တိုက် ဆရာတော်ကရေစက်ချတရား မြွက်ကြားတော်မူကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
တိပိဋက ပုလဲရောင်ရှိန်စာသင်တိုက် ဆရာတော်သည် မြန်မာတစ်နိုင်ငံလုံးတွင် တိပိဋကဓရဘွဲ့ရဆရာတော် ၁၄ ပါးရှိသည့်အနက် ၁၁ ပါးမြောက်ဖြစ်သည်။
တိပိဋကပုလဲရောင်ရှိန်စာသင်တိုက် ဆရာတော်ဦးဆောင်စီမံ၍ တိပိဋကစက္ခု ပါလအဖွဲ့ ဖွဲ့စည်းပြီး အဆိုပါစာသင်တိုက်ရှိ တိပိဋကစက္ခုပါလမျက်စိဆေးခန်းတွင် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၅ ရက်မှစ၍ အပတ်စဉ် တနဂငေ်္နွနေ့တိုင်းနံနက် ၈ နာရီမှ မွန်းတည့် ၁၂ နာရီအထိတစ်လလျှင် လေးရက် မျက်စိဆရာဝန်ကြီးများက စမ်းသပ် ကုသပေးလျက်ရှိရာမျက်စိဝေဒနာရှင် ရဟန်းရှင်လူမည်သူမဆိုအခမဲ့လာရောက်ကုသနိုင်ကြောင်း၊ အလှူရှင်များအနေဖြင့် မျက်စိတစ်လုံးလျှင် ခွဲစိတ်ကုသစရိတ် ငွေကျပ် လေးသောင်းနှုန်းဖြင့် မျက်စိအလင်းပေးလှူနိုင်ကြောင်း သိရသည်။
သတင်း-ရီရီမြင့်
ဓာတ်ပုံ-လှမိုး


