ရန်ကုန် ၂၈ ဇူလိုင်
(၂၀၁၉) ခုနှစ် ကမ္ဘာ့အသည်းရောင်အသားဝါရောဂါတိုက်ဖျက်ရေးနေ့ (World Hepatitis Day) အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် သူနာပြုတက္ကသိုလ်၊ ရန်ကုန်၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးက အသည်းရောင်အသားဝါ ရောဂါဗိုင်းရပ်စ်ပိုးများ ကြောင့်ဖြစ်ပွားသည့် အသည်းရောင်အသားဝါရောဂါများနှင့် ပတ်သက်၍ ပြည်သူများပိုမိုသိရှိ ဂရုပြုမှုရှိလာစေရန် ရည်သန်၍ ကျင်းပသည့် “ကမ္ဘာ့အသည်းရောင် အသားဝါရောဂါတိုက်ဖျက်ရေး နေ့” ကိုကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ၂၀၁၀ ခုနှစ်မှ စတင်၍ ကျင်းပခဲ့ပြီးမြန်မာနိုင်ငံတွင်လည်း၂၀၁၃ ခုနှစ်မှ စတင်၍ နှစ်စဉ်ကျင်းပခဲ့ပါကြောင်း၊ ဝန်ကြီးဌာနသည် World Hepatitis Alliance အဖွဲ့နှင့် ပူးပေါင်း၍ “အသည်းရောင် ရောဂါကင်းဝေးရေး၊ ဝိုင်းဝန်းရှာဖွေစစ်ဆေးပေး (Finding the missing millions)” ဆောင်ပုဒ်ဖြင့် အသည်းရောင်အသားဝါရောဂါနှင့် ပတ်သက်၍ ပြည်သူလူထုအား အသိပေးနှိုးဆော်မှု၊ ကျန်းမာရေးအသိပညာမြှင့်တင်မှု၊ ရောဂါစစ်ဆေးမှု၊ ရောဂါကာကွယ်မှုနှင့် ကုသမှုလုပ်ငန်းများကိုလွန်ခဲ့သည့် ၂၀၁၈ မှစတင်ဆောင်ရွက်ခဲ့ပြီးယခုနှစ်ဆောင်ပုဒ်ဖြစ်သော “အသည်းရောင်ရောဂါကင်းဝေးဖို့ ရင်းနှီးမြုပ်နှံဆောင်ရွက်စို့ (Invest in Eliminating Hepatitis)”နှင့် အညီလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း။
အသည်းရောင်အသားဝါ (စီ) ရောဂါ ကုသလမ်းညွှန် (Simplified Treatment Guidelines for Hepatitis C Infection (2017))နှင့် အသည်းရောင်အသားဝါ (ဘီ) ရောဂါ ကုသရေးလမ်းညွှန် (Simplified Treatment Guidelines for Hepatitis B Infection (2019)) အပါအဝင် လမ်းညွှန်များ ရေးဆွဲပြုစုခဲ့ပြီးကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထုတ်ဝေသည့် လမ်းညွှန်များနှင့်အမြဲ ကိုက်ညီမှု ရှိစေရေး အတွက် မွမ်းမံမှုများပြုလုပ်ခဲ့ပါကြောင်း၊မြန်မာနိုင်ငံတွင်လည်း ၂၀၁၅ ခုနှစ် တွင်ပြည်သူ့ကျန်းမာ ရေးဦးစီးဌာန၊ ဆေးသုတေသနဦးစီးဌာနနှင့် မြန်မာအသည်းဖောင်ဒေးရှင်းတို့ ဦးစီးကောက်ယူ ခဲ့သော စစ်တမ်းတွေ့ရှိချက်များအရအသည်းရောင်အသားဝါ (ဘီ) နှင့် (စီ) ရောဂါဖြစ်ပွားမှုမှာ မြင့်တက်လျက်ရှိပြီးလူဦးရေ၏ (၆ ဒသမ ၅) ရာခိုင်နှုန်းမှာအသည်းရောင်အသားဝါ (ဘီ) ရောဂါ နှင့် လူဦးရေ၏ (၂ ဒသမ ၇) ရာခိုင်နှုန်းမှာအသည်းရောင်အသားဝါ (စီ) ရောဂါဖြစ်ပွားလျက်ရှိသည်ကို တွေ့ရှိရပါကြောင်း။
ရောဂါဖြစ်ပွားသူများ၏ (၁၀) ဦးတွင် (၁) ဦးခန့်သည် ရောဂါဖြစ်ပွားနေသည်ကိုမသိရှိကြသဖြင့် ကုသမှုများကိုအချိန်မီမခံယူနိုင်ကြသည်ကိုတွေ့ရှိရပါကြောင်း၊ဝန်ကြီးဌာနရှိတိုးချဲ့ကာကွယ်ဆေးထိုး လုပ်ငန်းမှ ကလေးငယ်များအတွက် အသည်းရောင်အသားဝါ (ဘီ) ပိုးကာကွယ်ဆေးများကို မွေးကင်းစ၊ အသက် (၂) လ၊ အသက် (၄)လ နှင့် အသက် (၆) လ အရွယ်တို့တွင် အခမဲ့ထိုးနှံပေး လျက်ရှိပါကြောင်း၊ ၂၀၁၇ခုနှစ်တွင် ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့ရှိပြည်သူ့ဆေးရုံကြီး (၇) ရုံ၌လည်းကောင်း၊ ၂၀၁၈ ခုနှစ်တွင် မြစ်ကြီးနားနှင့် မော်လမြိုင်မြို့ ပြည်သူ့ဆေးရုံကြီးများ၌ လည်းကောင်း အသည်းရောင် အသားဝါ (စီ) ကုသမှုဌာနများဖွင့်လှစ်၍ အသည်းရောင် အသားဝါ (စီ) ရောဂါလူနာများကိုအခမဲ့ကုသမှုပေးလျက်ရှိပါကြောင်း။
ထိုသို့ ကုသမှုပေးခဲ့ရာတွင် ၂၀၁၉ခုနှစ်၊မေလအထိ အသည်းရောင်အသားဝါရောဂါ (စီ) ပိုးဝေဒနာရှင် (၅၀ဝ၀)ဦးခန့်ကို ဆေးဝါးကုသမှုပေးနိုင်ခဲ့ပါကြောင်း၊၂၀၁၉ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလတို့တွင်လည်း အသည်းရောင်အသားဝါ (စီ) ကုသမှုဌာနများထပ်မံဖွင့်လှစ်၍ ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း၊ မြန်မာအသည်းဖောင်ဒေးရှင်းအနေဖြင့်လည်း ဝန်ကြီးဌာနနှင့် ပူးပေါင်း၍ မြို့နယ်အသင်းခွဲ (၂၃) ခုဖြင့် အသည်းရောင်အသားဝါ (ဘီ) နှင့် (စီ) ရောဂါရှိ၊ မရှိ စစ်ဆေးပေးခြင်း၊ အသည်းရောင်အသားဝါ (ဘီ) ကာကွယ်ဆေးထိုးနှံပေးခြင်း၊ အသည်းရောင် အသားဝါ (ဘီ) နှင့် (စီ) ရောဂါဖြစ်ပွားသူများကိုကုသမှုပေးခြင်း လုပ်ငန်းများဆောင်ရွက်လျက် ရှိသည်ကိုတွေ့ရှိရပါကြောင်း။
၂၀၃၀ ခုနှစ်တွင် ဗိုင်းရပ်စ်ပိုးကြောင့် ဖြစ်ပွားသောအသည်းရောင်အသားဝါ ရောဂါများ ဖြစ်ပွားမှုလျော့နည်းကင်းစင်ကာပြည်သူ့ကျန်းမာရေးခြိမ်းခြောက်မှုအဖြစ်မှ ဖယ်ရှားနိုင်စေရေး အတွက်စုစည်းဝိုင်းဝန်း၍ အရှိန်အဟုန်ဖြင့် ဆက်လက်ဆောင်ရွက်သွားကြရန် နှင့် သက်ဆိုင် သူအားလုံးက မိမိကိုယ်တိုင် အသည်းရောင်အသားဝါရောဂါ ဖြစ်ပွားနေရသကဲသို့ကြည့်ရှု ခံစားပြီး လည်း အသည်းရောင်အသားဝါရောဂါတိုက်ဖျက်ရေးလုပ်ငန်းများကိုဆောင်ရွက်ကြရန် တိုက်တွန်း လိုပါကြောင်းပြောကြားသည်။
ထို့နောက် မြန်မာအသည်းဖောင်ဒေးရှင်းဥက္ကဋ္ဌဒေါက်တာခင်ပြုံးကြည်မှ နှုတ်ခွန်းဆက် စကား ပြောကြားပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ မြန်မာနိုင်ငံဆိုင်ရာဌာနေကိုယ်စားလှယ် Dr. Stephen Paul Jost က ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ အရှေ့တောင်အာရှဒေသဆိုင်ရာ ညွှန်ကြားရေးမှူး ၏ သဝဏ်လွှာကိုဖတ်ကြားသည်။
ဆက်လက်၍ World Hepatitis Alliance President Mr. MichealNimberg ၏ သဝဏ်လွှာကိုမြန်မာအသည်းဖောင်ဒေးရှင်းအလုပ်အမှုဆောင်အဖွဲ့အတွင်းရေးမှူး ဒေါက်တာ စည်သူရ က ဖတ်ကြားသည်။
ထို့နောက် မြန်မာအသည်းဖောင်ဒေးရှင်းအလုပ်အမှုဆောင်အဖွဲ့ ဥက္ကဋ္ဌဒေါက်တာတင်ညွှန့်က ဖောင်ဒေးရှင်းမှ ဆောင်ရွက်လျက်ရှိသောလုပ်ငန်းများနှင့် ပတ်သက်၍လည်းကောင်း၊ နည်းပညာ ဆိုင်ရာ အကြံပေးဆိုင်ရာအဖွဲ့ခေါင်းဆောင် အသည်းအထူးကုဆရာဝန်ကြီး ပါမောက္ခဒေါက်တာ ဝင်းနိုင်က “အသည်းကင်ဆာရောဂါ သိကောင်းစရာ” ခေါင်းစဉ်ဖြင့် ကျန်းမာရေးအသိပညာပေး ဟောပြောသည်။
အဆိုပါ အခမ်းအနားတွင် အသည်းရောင်အသားဝါ (ဘီ) နှင့် (စီ) ရောဂါ ရှိ၊ မရှိစမ်း သပ်စစ်ဆေး လိုသူ (၂၂၇) ဦးအားစစ်ဆေးပေးခဲ့ပြီး၊ အသည်းရောင်အသားဝါ (ဘီ) ကာကွယ်ဆေး ထိုးနှံလိုသူ (၂၂၃) ဦးအားထိုးနှံပေးခဲ့သည်။
ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးသည် ယမန်နေ့ ညပိုင်းတွင် နိုင်ငံ (၁၆၅) နိုင်ငံ၌အသင်းခွဲပေါင်း (၃၃၀ဝ၀) ကျော်နှင့်အသင်းဝင် (၁ ဒသမ ၂) သန်းခန့်ရှိ၍ပိုလီယိုရောဂါ တိုက်ဖျက်ရေး အပါအဝင် လူမှုရေးကဏ္ဍများ၊ကျန်းမာရေးကဏ္ဍများ၌ အဓိကအလှူရှင်အဖွဲ့အစည်း ဖြစ် သည့် Rotary International ၏အဖွဲ့ခွဲဖြစ်သော Rotary Club of Yangon, Rotary Club of Central Yangon နှင့် Rotary Club of Greater Yangonတို့မှရန်ကုန်မြို့၌ ကျင်းပပြုလုပ်ခဲ့သော Officers Installation Ceremony (2018-2019) တွင် Guest of Honor အဖြစ်တက်ရောက်၍ အဖွင့်အမှာ စကားပြောကြားသည်။
အခမ်းအနားသို့ ကယားပြည်နယ် ဝန်ကြီးချုပ်၊ ချင်းပြည်နယ် ဝန်ကြီးချုပ်၊ မွန်ပြည်နယ်ဝန်ကြီးချုပ်၊ တိုင်းဒေသကြီးနှင့်ပြည်နယ် ဝန်ကြီးများ၊ သံအမတ်ကြီး များ၊ ကမ္ဘာ့နိုင်ငံများမှ Rotary အဖွဲ့အကြီးအကဲများနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ကြကြောင်း သိရသည်။
(သတင်းစဉ်)


