မော်လိုက် ၂၈ ဇူလိုင်
စစ်ကိုင်းတိုင်းဒေသကြီး မော်လိုက်မြို့နယ်၌ ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာန၏ တိုင်းဒေသကြီး ရန်ပုံငွေဖြင့် တင်ဒါအောင် Real Land ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့သည့် ဖာတင်း-ညောင်ကုန်း ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှုတို့အား ဇူလိုင် ၂၈ ရက် နံနက် ၉ နာရီခွဲက မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့် မြို့နယ်တည်ဆောက်ရေး လုပ်ငန်းများ အရည်အသွေးစစ်ဆေးရေး ကော်မတီဝင်များနှင့်အတူ ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များအား မှာကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ဖာတင်း-ညောင်ကုန်း ကျေးရွာချင်းဆက် သံကူကွန်ကရစ်တံတားကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန၏ တိုင်းဒေသကြီးရန်ပုံငွေ ကျပ်(၁၃၂ ဒသမ ၆) သန်းဖြင့် အရှည် (၈၀)ပေ အကျယ်(၂၀)ပေရှိ သံကူကွန်ကရစ်တံတားအမျိုးအစားဖြစ်ပြီး တင်ဒါအောင် Real Land ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်ခဲ့ခြင်းဖြစ်ရာ ယခုအခါ တည်ဆောက်ရေးလုပ်ငန်းများ ရာခိုင်နှုန်းပြည့် ပြီးစီးပြီဖြစ်၍ ဖာတင်းကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများမှ ပြည်သူများ ကျန်းမာရေး လူမှုရေး ပညာရေး ကိစ္စများအတွက် များစွာအထောက်အကူဖြစ်လာတော့မည်ဖြစ်ကြောင်း သိရသည်။
ဆက်လက်၍ မြို့နယ်စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်မြင့်ဦးနှင့် မြို့နယ် တည်ဆောက်ရေးလုပ်ငန်းများ အရည်အသွေးစစ်ဆေးရေးကော်မတီဝင်များသည် ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန တိုင်းဒေသကြီးရန်ပုံငွေကျပ်(၁၃၂ ဒသမ ၆)သန်းဖြင့် တောင်တွင်းကျေးရွာအဝင် သံကူကွန်ကရစ်တံတား တည်ဆောက်ပြီးစီးမှုတို့ကိုလည်း သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး လိုအပ်သည်များအား ဖြည့်စွက်မှာကြားခဲ့ကြောင်း သိရသည်။
မော်လိုက်သားလေး


