နေပြည်တော် ၂၈ ဇူလိုင်
စိုက်ပျိုးရေး၊မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးလှကျော်သည် ဇူလိုင် ၂၇ ရက် နံနက်ပိုင်းက စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာအနီး ကာဘိုးရေလွှဲဆည်သို့ ရောက်ရှိစစ်ဆေးပြီး စိုက်ပျိုးရေး လုပ်ငန်းအတွက် အဓိကအခန်းကဏ္ဍ တစ်ခုအဖြစ် ပါဝင်နေသော“စိုက်ပျိုးရေ”ကို တောင်သူများ ပြည့်ဝစွာ ရရှိအသုံးပြုနိုင်ရေးအတွက် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအောက်ရှိ တာဝန်ရှိသူအသီးသီးတို့က အလေးထားဖြည့်ဆည်းဆောက်ရွက်ပေးကြရမည်ဖြစ်သကဲ့သို့ ဆည်ရေအသုံးချမှုဆိုင်ရာ သိမှတ်ဖွယ်ရာများ၊ ဥပဒေများနှင့် ဌာနက စီမံခန့်ခွဲပေးနေမှုများ၊ တောင်သူများပူးပေါင်းပါဝင်ရန် လိုအပ်ချက်များကို ရေသောက်စနစ် အတွင်းရှိတောင်သူများ သိရှိနားလည်လာစေရေးကိုပါ ကြိုးပမ်းပေးကြစေလိုကြောင်း တာဝန်ရှိသူများအားဆွေးနွေးပြောကြားသည်။
ကာဘိုးရေလွှဲဆည်သည် စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ် မူးမြစ်ပေါ်တွင် တည်ရှိပြီး ကွန်ကရစ်ရေလွှဲဆည်အမျိုးအစားဖြစ်ကာ သဖန်းဆိပ်ဆည်မှ ပို့လွှတ်လိုက်သော ရေများ အပါအဝင် နှစ်စဉ်ပျမ်းမျှစီးဝင် ရေ ၄၄၈၇၅၀ဝ ဧကပေကို ကာဘိုးရေလွှဲဆည်မှ ထိန်းသိမ်း၍ မြောင်းမတော်များမှတဆင့် စိုက်ပျိုးမြေ ၃၂၁၆၆၇ ဧက ကို ဖြန့်ဝေအကျိုးပြုလျက်ရှိသည်။ မြောင်းမတော်ကြီးများမှ ရေပေးလက်တံမြောင်း စုစုပေါင်း ၁၆၇ ခု ခွဲထွက်ပြီး မြောင်းခွဲလက်တံများ၏ စုစုပေါင်းအလျားမှာ ၅၉၅ ဒသမ ၅၀၉ မိုင်ရှိသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကင်းတပ်လက်ဝဲတူးမြောင်းတွင် သဲနုန်းဆယ်လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်ချက်များမှာကြားသည်။
ထိုမှတဆင့် လိပ်ချင်းကျေးရွာရှိ စိုက်ပျိုးရေးဝင်ငွေတိုးတက်ရေး AIIP စီမံကိန်းရှေ့ပြေး အဆင့်မြင့် လယ်ယာမြေဖော်ဆောင်ခြင်း စီမံကိန်းရှင်းလင်းဆောင်သို့ရောက်ရှိပြီး အေးချမ်းသာယာရွှေချင်းရွာ ရေအသုံးချသူများအသင်းမှတောင်သူများ၊ စီမံကိန်း တာဝန်ယူဆောင်ရွက် မည့်ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ၍ စီမံကိန်းလုပ်ငန်းကြီးအောင်မြင်မှု၊ ရေရှည်တည်တံ့ရေးနှင့် သားစဉ်မြေးဆက် အကျိုးခံစားခွင့်ရရှိရေးပူးပေါင်း ဆောက်ရွက်ကြရန်နှင့် ရေရှည် စီမံကိန်းဖြစ်သည့်အတွက် တောင်သူအစုအဖွဲ့ သမဝါယမချေးငွေနှင့် လိုအပ်သည့် မျိုးစေ့ သန့်စင် စက်၊ အခြောက်ခံစက်၊မျိုးစေ့သိုလှောင်ရုံများ တည်ဆောက်နိုင်ရေးဆိုင်ရာများ ဆွေးနွေး ပြောကြားပြီး တွေ့ဆုံပွဲတက်ရောက်လာသူများ၏ မေးမြန်းချက်များကို ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ဖြေကြားကြကာ လိုအပ်ချက်များ ညှိနှိုင်းဆွေးနွေးကြသည်။
ထို့နောက် စက်မှုလယ်ယာမြေဖော်ဆောင်နေမှုအခြေအနေများကို ကြည့်ရှုရာ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာဇော်လွင်ထွန်းက သဖန်းဆိပ်ဆည်မှ ရေပေးမြောင်း၊ရေသွယ် မြောင်း ဆောင်ရွက်ထားရှိမှုများကို လိုက်လံရှင်းလင်းပြသသည်။
စိုက်ပျိုးရေး ဝင်ငွေတိုးတက်ရေး AIIP စီမံကိန်းအရ ၂၀၁၈-၂၀၁၉ခုနှစ်တွင် ရွှေဘိုမြို့နယ် လိပ်ချင်းကျေးရွာတွင် ၅၇၅ ဧက၊ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် ဝက်လက်မြို့နယ်၊ ရွာတော်ကုန်း ကျေးရွာတွင် ၃၁၅ ဒသမ ဝ၉ ဧက ၊ဒီပဲယင်းမြို့နယ် ရွာရှည်နှင့် ကြခတ်ကျေးရွာတို့တွင် ၃၀၈ ဒသမ ၈၇ ဧက၊ ရွှေဘိုမြို့နယ်မြင်ချင်ကျေးရွာတွင် ၂၈၀ ဒသမ ၈၆ ဧက၊ စုစုပေါင်း ၉၀၄ ဒသမ ၈၂ ဧကကိုလည်းကောင်း၊ ၂၀၂၀-၂၀၂၁ ခုနှစ်တွင် ခင်ဦးမြို့နယ် မြို့သစ်ကျေးရွာတွင် ၄၉၉ ဒသမ ၈၅ ဧက၊ ရေဦးမြို့နယ် မုတ်စီကျေးရွာတွင် ၄၁၇ဒသမ၃၇ဧက၊ တန့်ဆည်မြို့နယ် မယ်ဇလီပင် ကုန်းကျေးရွာတွင် ၁၄၄ ဒသမ ဝ၄ ဧက၊ အက်ကြီးကျေးရွာတွင် ၁၆၃ ဒသမ ၃၅ ဧက၊ ရွာရှည်(မ) ကျေးရွာတွင် ၁၇၈ဒသမ၃၂ ဧက၊ ရွှေဘိုမြို့နယ်ကျားရွာ ကျေးရွာတွင် ၃၁၃ ဒသမ ၅၁ဧက၊ စုစုပေါင်း ၁၇၁၆ ဒသမ ၄၄ ဧက ကိုလည်းကောင်း၊ ၂၀၂၁-၂၀၂၂ ခုနှစ်တွင် ရွှေဘိုမြို့နယ်ရှိ လိပ်ချင်း၊ ယင်းမာ၊ အောင်ချမ်းသာ၊ ဇီးဖြူကုန်းနှင့်ခွန်တောင်းငယ်ကျေးရွာတို့တွင် ၁၈၁၆ ဒသမ ၇၃ ဧက ကို လည်းကောင်းဖြင့် စုစုပေါင်းဧကပေါင်း ၅၀၁၂ ဒသမ ၉၉ ဧကတို့ကို နှစ်အလိုက်အဆင့်မြင့် လယ်ယာမြေ ဖော်ထုတ်သွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)


