မန္တလေး  ၂၈   ဇူလိုင် 


လာမည့် အောက်တိုဘာလ ၁ ရက်နေ့မှစ၍  စမ်းသပ်ကာလတစ်နှစ် သတ်မှတ်၍ ဥရောပ ခြောက်နိုင်ငံမှ နိုင်ငံတကာ ခရီးသွားများအတွက် ဆိုက်ရောက်ဗီဇာစနစ်ဖြင့် လေကြောင်းလိုင်းများမှ ဝင်ရောက်ခွင့်ပြုမည် ဖြစ်ကြောင်း မန္တလေးတိုင်း ဒေသကြီး ဟိုတယ်နှင့် ခရီးသွားညွှန်ကြားမှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောကြားသည်။


အဆိုပါဆိုက်ရောက်ဗီဇာစနစ်ဖြင့် ဥရောပခြောက်နိုင်ငံဖြစ်သော သြစတြေးလျ၊ ဂျာမနီ၊ အီတလီ၊ ရုရှား၊ စပိန်နှင့် ဆွစ်စလန်နိုင်ငံ တို့မှ ခရီသွားများအား ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်များမှ ဝင်ရောက်ခွင့်ပြုမည်ဖြစ်ပြီး  မြန်မာနိုင်ငံ၏ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ၂၀၁၈ ခုနှစ် အောက်တိုဘာလကလည်း ဖြေလျော့မှုများအဖြစ် တောင်ကိုရီးယားနှင့် ဂျပန်နိုင်ငံတို့ကို ဗီဇာကင်းလွတ်ခွင့်နှင့် တရုတ်နိုင်ငံအတွက် ဆိုက်ရောက်ဗီဇာစနစ်ဖြင့် ဝင်ရောက်ခွင့်ပြုခဲ့ကြောင်း သိရသည်။


‘ကျွန်တော်တို့ မန္တလေးတိုင်းဒေသကြီးမှာ ခရီးသွားအရင်းအမြစ်တွေ အများကြီးရှိတဲ့အတွက် နိုင်ငံတကာက ခရီးသွားဧည့်သည်တွေ ပိုမိုဝင်ရောက်လာဖို့ လိုအပ်ပါတယ်။ ဒါကြောင့် ဗီဇာ ကင်းလွတ်ခွင့်တွေ ဆိုက်ရောက်ဗီဇာစနစ်တွေနဲ့ ဖြေလျော့မှုတွေပေးပြီး ဆောင်ရွက်နေသလို ပြည်တွင်းမှာရှိတဲ့ ခရီးစဉ်ဒေသတွေကို ပိုမိုသိရှိအောင် ဆောင်ရွက်ဖို့ လိုအပ်တဲ့အတွက် ခရီးစဉ်ဒေသတွေနဲ့ နိုင်ငံတကာခရီးသွားတွေ တိုက်ရိုက်ချိတ်ဆောင်ရွက်နိုင်အောင် Digital marketing စနစ်ကိုလည် အကောင်အထည်ဖော်ဆောင်ရွက်နေပါတယ်’ ဟု ၎င်းက ပြောသည်။


လက်ရှိတွင်ဗီဇာဖြေလျော့မှုများနှင့်  နိုင်ငံတကာလေကြောင်းလိုင်းများ တိုးချဲ့ပျံသန်းပြေးဆွဲပေးနေခြင်းကြောင့် မန္တလေးတိုင်း ဒေသကြီးအတွင်းသို့ နိုင်ငံတကာ ခရီးသွားဧည့်သည် တိုးတက်များပြားစွာ ဝင်ရောက်လျက်ရှိပြီး နိုင်ငံတော်အကျိုး၊ ဒေသခံ ပြည်သူများအကျိုးစီးပွားကို ဖြစ်ပေါ်စေမည့် ခရီးသွားများ အဓိက ဝင်ရောက်လာစေရန်လည်း မျှော်မှန်းလုပ်ဆောင်နေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။


မန္တလေးတိုင်းဒေသကြီးအတွင်းသို့ နိုင်ငံတကာ ခရီးသွားဧည့်သည်ဝင်ရောက်မှုအနေဖြင့် ၂၀၁၆ ခုနှစ်တွင် ၃၈၅၀၃၁ ဦး၊ ၂၀၁၇ ခုနှစ်တွင် ၄၈၃၇၈၄ ဦး၊ ၂၀၁၈ ခုနှစ်တွင် ၄၉၂၀၉၇ ဦး ဝင်ရောက်လျက် ရှိပြီး ယခု ၂၀၁၉ ခုနှစ်တွင် ၆ လတာကာလအတွင်း၌ သုံးသိန်းကျော် ဝင်ရောက်လျက်ရှိရာ ယမန်နှစ်များ ထက် ပိုမိုဝင်ရောက်နိုင်မည်ဟု ခန့်မှန်းထားရှိကြောင်း သိရသည်။


မင်းထက်အောင်(မန်းကိုယ်ပွား)