မျက်ခမ်းစပ် အတွင်းသားနဲ့ အပြင်ဘက်ကို အိုင်းလိုင်နာဆိုးတာက မျက်လုံးလေးတွေ ဝင့်ဝင့်ကြွားကြွားလေးနဲ့ လှပနေစေဖို့ မိတ်ကပ်ပညာရှင်တွေ အသုံးပြုတဲ့ မိတ်ကပ်ဖန်တီးမှုတစ်ရပ်ပါ။


ဒါပေမယ့် အိုင်းလိုင်နာကို မျက်လုံးနဲ့တအားကပ်ပြီး ဆွဲမယ်ဆိုရင်တော့ ရေရှည်မှာ မျက်စိကို ထိခိုက်မှုတွေဖြစ်လာစေနိုင်တာကို သိပ္ပံပညာရှင်တွေက တွေ့ရှိခဲ့ပါတယ်။ အိုင်းလိုင်နာခဲတံကို မျက်ခမ်းအတွင်းသားမှာ ဆိုးတာက အိုင်းလိုင်နာအမှုန်တွေကို မျက်စိထဲဝင်စေပြီး မြင်အာရုံဆိုင်ရာ ပြဿနာတွေကို ဖြစ်စေနိုင်တယ်လို့ လေ့လာမှုတစ်ရပ်မှာ ဖော်ပြထားပါတယ်။


အိုင်းလိုင်နာတွေမှာ များသောအားဖြင့် ဖယောင်း၊ အဆီ၊ ဆီလီကွန်ဒြပ်ပေါင်းတွေနဲ့ သဘာဝသစ်စေးလိုအရာတွေ ပါဝင်ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ အဆိုပါ ပစ္စည်းတွေကို မျက်ခမ်းမှာ အိုင်းလိုင်နာကို ကြာရှည်ခံစေဖို့ အသုံးပြုထားတာဖြစ်ပါတယ်။


မျက်လုံးကို ခိုးလိုးခုလုဖြစ်စေခြင်း


မျက်ခမ်း အတွင်းပိုင်းကိုရော အပြင်ဘက်ကိုပါ အိုင်းလိုင်နာဆိုးစေပြီး ၁၅ မိနစ်ကြာထားပြီးတဲ့ နောက်မှာတော့ အိုင်းလိုင်နာမှာပါတဲ့ အမှုန်တွေရဲ့ ၁၅ ရာခိုင်နှုန်းကနေ ၂၀ ရာခိုင်နှုန်းလောက် မျက်စိထဲဝင်သွားတာကို တွေ့ရှိခဲ့ရပါတယ်။ အိုင်းလိုင်နာကို မျက်ခမ်းအတွင်းပိုင်းမှာ အသုံးပြုတာက မျက်ခမ်းအပြင်ဘက်မှာဆိုးတာထက် မျက်လုံးထဲမှာ အလွှာပါးလေးတစ်ခုကွယ်နေသလိုဖြစ်ပေါ်စေတယ်ဆိုပါတယ်။


အိုင်းလိုင်နာမှာပါတဲ့ အမှုန်တွေက မျက်စိခြောက်သွေ့တတ်တဲ့သူတွေနဲ့ မျက်လုံးက အချို့ဓာတုပစ္စည်းတွေနဲ့ ဓာတ်မတည့်တာနဲ့ မျက်ကပ်မှန်တပ်သူတွေအနေနဲ့ မျက်ခမ်းအတွင်းပိုင်းမှာ အိုင်းလိုင်နာဆိုးတာက မျက်လုံးအတွင်းမှာ ခိုးလိုးခုလုဖြစ်စေနိုင်ပါတယ်။ မျက်လုံးတွေကျိန်းစပ်တာနီရဲတာတွေကိုလည်း ဖြစ်ပေါ်ခံစားရစေနိုင်ပါတယ်။ မျက်ခမ်းအတွင်းပိုင်းမှာ အိုင်းလိုင်နာဆိုးတာက မျက်စိရောဂါတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။


သက်တမ်းကြာနေတဲ့ အိုင်းလိုင်နာတွေမှာ ဘက်တီးရီးယားတွေရှိနေနိုင်ခြင်း


သက်တမ်းကြာနေတဲ့ အိုင်းလိုင်နာတွေမှာ ဘက်တီးရီးယားတွေပေါက်ဖွားနေနိုင်ပါတယ်။ အိုင်းလိုင်နာ ခဲတံကို ဆိုးခါနီးတိုင်း ချွန်ပြီးထိပ်ပိုင်းလေးကို အနည်းငယ်ချိုးပေးတာက မျက်လုံးထဲကို ပိုးကူးစက်ဝင်ရောက်ခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။


မျက်လုံးထဲကို ပိုးတွေမဝင်ရောက်စေဖို့ အိပ်ခါနီးတိုင်း အိုင်းလိုင်းနာတွေနဲ့ မျက်လုံးနားတဝိုက်မှာ လိမ်းထားတဲ့ မိတ်ကပ်တွေကိုဖျက်ပစ်ပါ။


အိုင်းလိုင်နာ ဆိုးနည်းမမှန်တာကလည်း မျက်လုံးကိုထိခိုက်စေနိုင်ပါတယ်။


အိုင်းလိုင်နာကို သန့်ရှင်းအောင်ထားပါ။


အိုင်းလိုင်နာနဲ့ မျက်လုံးအနီးတဝိုက်မှာ အသုံးပြုတဲ့ အလှကုန်တွေက ဝယ်ဝယ်ချင်းမှာ ဘေးကင်းပေမယ့် သေသေချာချာမထိန်းသိမ်းရင် အန္တရာယ်ရှိတဲ့ ဘက်တီးရီးယားတွေနဲ့မှိုပိုးတွေပေါက်ဖွားလာနိုင်ပါတယ်။ ထိုအလှကုန်တွေကို မျက်စိအနားတဝိုက်မှာအသုံးပြုမိမယ်ဆိုရင် မျက်စိထဲကို ပိုးဝင်ကူးစက်တာတွေဖြစ်ပေါ်နိုင်ပါတယ်။ အိုင်းလိုင်နာကနေ ပိုးကူးစက်တာကြောင့် အမျိုးသမီးတွေမှာ အမြင်အာရုံ ခေတ္တ ဆုံးရှုံးသွားတာမျိုးဖြစ်ပေါ်ခံစားရနိုင်ပါတယ်။


မျက်ခွံတွေက နုနယ်တဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေဖြစ်သလို ဓာတ်မတည့်တာ၊ စပ်ဖျဉ်းဖျဉ်းဖြစ်တာနဲ့မျက်လုံးအနီးတဝိုက်မှာ အခြားထိခိုက်မှုဗတွဖြစ်စေနိုင်တာကြောင့် အိုင်းလိုင်နာအပါအဝင် မျက်လုံးခြယ်သဖို့အတွက်အသုံးပြုတဲ့ အလှကုန်တွေရဲ့ ပါဝင်ပစ္စည်းတွေကို အရင်ဆုံး သေချာကြည့်ရှု့သင့်ပါတယ်။


အိုင်းလိုင်နာနဲ့ မျက်လုံးခြယ်သတဲ့ အလှကုန်တွေအသုံးပြုတော့မယ်ဆိုရင် ဒီအချက်လေးတွေကို သတိထားပေးပါ။


•    မျက်လုံးခြယ်သရာမှာအသုံးပြုတဲ့ အလှကုန်တွေကြောင့် စပ်ဖျဉ်းဖျဉ်းဖြစ်တယ်လို့ခံစားရရင် ဆက်မသုံးပါနဲ့။ မသက်သာဘဲအချိန်ကြာမြင့်စွာခံစားနေရမယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသပါ။


•    မျက်စိမှာကူးစက်ရောဂါ ခံစားနေရရင်ဖြစ်ဖြစ် မျက်လုံးတဝိုက်မှာ ကျိန်းစပ်တာမျိုးတွေဖြစ်နေမယ်ဆိုရင် မျက်စိခြယ်သတဲ့အလှကုန်တွေကို မသုံးပါနဲ့။ အနာပျောက်ကင်းတဲ့အထိ မသုံးဘဲနေပေးပါ။


•    လက်မှာရောဂါပိုးတွေရှိနေနိုင်တာကြောင့်  မျက်လုံးကို လက်နဲ့ထိမိရင် ပိုးတွေမျက်စိထဲဝင်ရောက်နိုင်တာကြောင့် မျက်လုံးကိုခြယ်သတဲ့ အလှကုန်တွေအသုံးမပြုခင်မှာ လက်သေချာဆေးပါ။


•    မျက်လုံးတဝိုက်မှာအသုံးပြုမယ့် အလှပြင်ပစ္စည်းတွေကို သန့်ရှင်းအောင်ထားပေးပါ။


•    အလှကုန်တွေကို အခြားသူတွေနဲ့မျှမသုံးပါနဲ့။ အခြားသူတွေဆီကနေရောဂါတွေကူးစက်ခံရနိုင်ပါတယ်။


•    အလှပြင်ပစ္စည်းတွေရော အလှကုန်တွေမှာပါ ဖုန်တွေကပ်နေတာမျိုးမဖြစ်အောင်သတိပြုပါ။


•    သက်တမ်းကြာနေပြီဖြစ်တဲ့ အိုင်းလိုင်နာတွေကို အသုံးမပြုပါနဲ့။ မျက်တောင့်ကော့ဆေးတွေကို ဝယ်ပြီး ၂ လကနေ ၄လအတွင်းပဲအသုံးပြုပါ။


•    ခြောက်သွားတဲ့ မျက်တောင့်ကော့ဆေးတွေကိုလွှင့်ပစ်လိုက်ပါ၊ တံတွေးစွတ်ပြီးသုံးမျိုးတွေ ရေစွတ်ပြီးသုံးတာမျိုးတွေ မလုပ်ပါနဲ့။ ရေစွတ်တာကပိုးတွေကို ပေါက်ပွားစေနိုင်ပါတယ်။


•    အလှကုန်တွေကို အပူချိန် ၈၅ ဒီဂရီ ဖာရင်ဟိုက်အထက်မှာ မသိမ်းပါနဲ့။ အလှကုန်တွေကို အပူချိန်ပြင်းနေတဲ့ကားတွေထဲမှာ  အချိန်ကြာမြင့်စွာထားတာမျိုးမလုပ်ပါနဲ့။


•    မျက်လုံးအလှခြယ်ပစ္စည်းတွေကို ခြယ်သတဲ့အခါမှာပဲဖြစ်ဖြစ် ဖျက်တဲ့အခါမှာပဲဖြစ်ဖြစ် မျက်လုံးအတွင်းသားနဲ့ မျက်လုံးရဲ့အခြားနေရာတွေကို ထိခိုက်မိနိုင်တာကြောင့် ကားတွေနဲ့ ရွေ့လျားနေတဲ့အရာတွေပေါ်မှာမလုပ်ပါနဲ့။


•    မျက်လုံးအတွက်အသုံးပြုဖို့ထုတ်ထားတာမဟုတ်တဲ့ အလှကုန်တွေကို မျက်လုံးအနီးတဝိုက်မှာအသုံးမပြုပါနဲ့။ lipliner ကို အိုင်းလိုင်နာ အဖြစ်အသုံးမပြုပါနဲ့။


ရေးသားသူ Aye Thi Monဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar