ဟိုပုံး ၂၉ ဇူလိုင်
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၊ မြန်မာနိုင်ငံဆရာဝန်အသင်း လူငယ့်စေတမန် စီမံချက်နှင့် Access to Health Fund တို့ ပူးပေါင်း၍ ဇူလိုင်လ ၂၈ ရက် မွန်းလွဲ ၁ နာရီက ဟိုပုံးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ မသန်စွမ်းသူများအား ကျန်းမာရေး စောင့်ရှောက်မှုများကို လက်လှမ်းမှီနိုင်စေရန်နှင့် အားလုံးပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ဆွေးနွေးပွဲ ကျင်းပပြုလုပ်သည်။
ဆွေးနွေးပွဲတွင် ဟိုပုံးမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဦးစီးဌာနမှူး ဒေါက်တာမောင်မောင်သိန်းက "ယနေ့ ကမ္ဘာ့လူဦးရေရဲ့ ၁၅ရာခိုင်နှုန်း ဖြစ်တဲ့ သန်းပေါင်း ၁၀ဝ၀ ခန့်ဟာ မသန်စွမ်းသူများ ဖြစ်ကြတဲ့အတွက် လူ (၇)ဦးမှာ (၁)ဦးဟာ မသန်စွမ်းသူများ ဖြစ်နေကြပါတယ်။ မသန်စွမ်းသူများရဲ့ ၈၀ ရာခိုင်နှုန်းဟာ ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ရှိနေပါတယ်။ မြန်မာနိုင်ငံ ၏လူဦးရေ ၄.၆ ရာခိုင်နှုန်း (၂.၃)သန်းခန့်သည် မသန်စွမ်းသူများဖြစ်ကြသဖြင့် မသန်စွမ်းသူများထဲမှ ၇၃ ရာခိုင်နှုန်းသည် ၎င်းတို့အတွက် လိုအပ်တဲ့ Social Service အကြောင်း မသိကြသေးကြောင်း၊ ထို့ကြောင့် ယနေ့ တက်ရောက်လာကြသည့် မိတ်ဖက် အဖွဲ့အစည်းများများအနေနဲ့ ကျွန်တော်တို့မြို့မှာရှိတဲ့ မသန်စွမ်းသူများရဲ့ Barrier တွေကို ဖြေလျှော့နိုင်မည့် ကျော်လွှားနိုင်မည့် Intervention တွေကို လုပ်ဆောင်သွားကြဖို့ လိုပါကြောင်းနှင့် မသန်စွမ်းအုပ်စုကို အထူးအခွင့်အရေးခံ အုပ်စု အနေဖြင့် မြင်ဖို့မဟုတ်ဘဲ Social တစ်ခုလုံးနဲ့ တစ်သားတည်းဖြစ်ဖို့၊ Inclusion ရစေဖို့ အားလုံးကြိုးပမ်းကြပါစို့"ဟု တိုက်တွန်းပြောကြားသည်။
ယင်းနောက် မြန်မာနိုင်ငံဆရာဝန်အသင်း၊ လူငယ့်စေတမန်စီမံချက်မှ Project Assistant မနော်မေဖောက စီမံချက်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားပြီး လူငယ့်စေတမန်စီမံချက်မှ Project Manager ဒေါက်တာသန္တာစိုးက မသန်စွမ်းသူများကို ကျန်းမာရေး လက်လှမ်းမီနိုင်ရန် ဝိုင်းဝန်းဆောင်ရွက်ကြစေရန် ဆွေးနွေးမှုများ ပြုလုပ်ပြီး တက်ရောက်လာကြသည့် မသန်စွမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျန်းမာရေး ဝန်ထမ်းများနှင့် ပညာရေးဝန်ထမ်းများတို့က ပြန်လည်ဆွေးနွေးကြသည်။
မြန်မာနိုင်ငံဆရာဝန်အသင်း လူငယ့်စေတမန်စီမံချက်သည် Access to Health Fund ၏ ပံ့ပိုးမှုဖြင့် ဟိုပုံးမြို့နယ် ကျန်းမာရေးဦးစီးဌာန၊ ဌာနဆိုင်ရာအဖွဲ့အစည်းများ၊ မိတ်ဖက်အဖွဲ့အစည်းများ ပါဝင်သော မသန်စွမ်းသူများအား ကျန်းမာရေးစောင့်ရှောက်မှုများကို လက်လှမ်းမီနိုင်စေရန်အားလုံးပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်ချက်ဖြင့် ဆွေးနွေးပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ပြီး မသန်စွမ်းသူများတွင် ရှိနေသည့် အခက်အခဲများ ဖော်ထုတ်နိုင်စေရန်နှင့် ရှိနေသည့် အခက်အခဲများကို ဘယ်လိုဖြေလျှော့ပေးနိုင်မလဲ စသည်တို့ကို ဆွေးနွေးခဲ့ကြပြီး၊ လူမှုအသိုင်းအဝိုင်းတွင် အများနဲ့တန်းတူနေထိုင်နိုင်ဖို့ အားလုံးဝိုင်းဝန်းကြိုးပမ်းကြမှသာ ဤစီမံချက်ကြီးကို အောင်မြင်အောင်အကောင်အထည် ဖော်ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း လူငယ့်စေတမန်စီမံချက်မှ Project Manager ဒေါက်တာသန္တာစိုးက ပြောကြားသည်။
ထက်ထက်(ဟိုပုံး)


