နေပြည်တော် ၂၉  ဇူလိုင် 

 

ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်သည် ဇူလိုင် ၂၈ ရက် နံနက် ၈ နာရီတွင် မန္တလေးတိုင်းဒေသကြီး၊ ပုဂံ-ညောင်ဦးလေဆိပ်သို့ ရောက်ရှိလာရာ လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်ထွန်း နှင့် တာဝန်ရှိသူများက ပုဂံ-ညောင်ဦးလေဆိပ်၏ လက်ရှိလေယာဉ်ပြေးလမ်းနှင့် လေဆိပ် အဆောက်အအုံအခြေအနေ၊ လေယာဉ်များအဆင်းအတက်နှင့် ခရီးသည် ဝင်/ထွက်မှု အခြေ အနေများကို ရှင်းလင်းတင်ပြကြသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးက ပုဂံယဉ်ကျေးမှုအမွေအနှစ်ဒေသကို ကမ္ဘာ့အမွေ အနှစ်စာရင်းဝင်အဖြစ် အောင်မြင်စွာသတ်မှတ်ခဲ့ပြီးဖြစ်သည့်အတွက် ဤဒေသသို့ နိုင်ငံတကာ ခရီးသွားများ ပိုမိုဝင်ရောက်လာနိုင်ကြောင်း၊ အထူးသဖြင့် လာမည့်ခရီးသွားရာသီတွင် ပုဂံသို့ လေယာဉ်ဖြင့် လာရောက်မည့် ခရီးသည်အရေအတွက် တိုးတက်များပြားလာနိုင်သဖြင့် လေဆိပ် ၏ ဝန်ဆောင်မှုလုပ်ငန်းများ ကောင်းမွန်စွာဆောင်ရွက်နိုင်ရန် အစီအမံများ ကြိုတင်ပြင်ဆင် ထားရန်လိုအပ်ကြောင်း၊ လိုအပ်ပါက လေဆိပ်အဆောက်အအုံကို အကြီးစားမွမ်းမံပြင်ဆင်ရန် လိုအပ်မည်ဖြစ်ကြောင်း၊ ဝန်ဆောင်မှုကောင်းသော၊ သန့်ရှင်းသပ်ရပ်သော လေဆိပ်တစ်ခုဖြစ်စေ ရန် ကြိုးစားဆောင်ရွက်ရမှာဖြစ်ကြောင်း ပြောကြားပြီး လေဆိပ်အဆောက်အအုံအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မကွေးတိုင်းဒေသကြီး ပခုက္ကူလေဆိပ်သို့ ရောက်ရှိပြီး လေယာဉ်ပြေးလမ်း၊ လေဆိပ်အဆောက်အအုံနှင့် လေယာဉ် အဆင်း/အတက် အသုံးပြုနိုင်မှုအခြေအနေများကို စစ်ဆေးကြည့်ရှုရာ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများက ရှင်းလင်းတင်ပြကြသည်။ ပြည်ထောင်စုဝန်ကြီးက ပုဂံ-ညောင်ဦးလေဆိပ်သည် ကာကွယ် ထိန်းသိမ်းထားသည့် ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်နှင့် နီးကပ်စွာတည်ရှိနေ၍ ရေရှည်တွင် လေဆိပ်အား အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်နိုင်မည်မဟုတ်ပါကြောင်း၊ ပခုက္ကူ လေဆိပ်မှာ ထပ်မံတိုးချဲ့နိုင်မည့် မြေဧရိယာ အလုံအလောက်ရှိသဖြင့် နောင်တွင်လေဆိပ်အား အဆင့်မြှင့်တင်နိုင်ရန်အစီအမံများ ကြိုတင်ရေးဆွဲထားရန်လိုအပ်ကြောင်း ပြောကြားသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် ပခုက္ကူဘူတာသို့သွားရောက်၍ မြန်မာ့မီးရထားမှ ဝန်ထမ်းများနှင့် တွေ့ဆုံရာတွင် ပြည်သူ့ဝန်ထမ်းများဖြစ်၍ ပြည်သူကိုချိုသာစွာဆက်ဆံရန်၊ အလုပ်ကိုကြိုးစားကြရန်နှင့် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နေထိုင်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။ 

 

သတင်းစဉ်